ဒဏ်ရာရကစားသမားများကို တစ်လအတွင်းပြန်လည် ကြံ့ခိုင်ရန်လေ့ကျင့်ပေးမည်ဟု မီရိုဆလပ် ဆို

ဒဏ်ရာရကစားသမားများကို တစ်လအတွင်းပြန်လည် ကြံ့ခိုင်ရန်လေ့ကျင့်ပေးမည်ဟု မီရိုဆလပ် ဆို
ကြံ့ခိုင်ရေးနည်းပြ မီရိုဆလပ်နှင့်အတူ မြန်မာကစားသမားများ ပူးပေါင်းလေ့ကျင့်မှုပြုလုပ်နေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၁၃ ၊ ရန်ကုန်။           ။ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမလူစာရင်းမှ ဒဏ်ရာရကစားသမားများကို တစ်လအတွင်း ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်ရန် လေ့ကျင့်ပေးမည်ဟု လက်ရွေးစင်အသင်း ကြံ့ခိုင်ရေးနည်းပြသစ် မီရိုဆလပ် က ဆိုသည်။

အသက် ၄၀ အရွယ်ရှိ ဂျာမနီနိုင်ငံသား မီရိုဆလပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလတွင် မြန်မာ့လက်ရွေးစင်အသင်း ကြံ့ခိုင်ရေးနည်းပြအဖြစ် ရောက်ရှိလာခဲ့သူဖြစ်ပြီး ယခင်က ဘာလင် ယူ-၁၆ ၊ ယူ-၂၀ အသင်းများတွင် ကြံ့ခိုင်ရေးမှူးအဖြစ် လုပ်ဆောင်ခဲ့ဖူးသည်။

“ မြန်မာကစားသမားတွေကို အခုဆို လေ့ကျင့်တာ နှစ်ကြိမ်ရှိပါပြီ။ ဒီထဲမှာ တချို့ကစားသမားလေးတွေက ဒဏ်ရာရအနေအထားရှိနေပါတယ်။ ကျွန်တော်တို့ တစ်ပတ်မှာ တစ်ရက်လေ့ကျင့်တယ်။ နောက်နေ့မနက်မှာ ကြံ့ခိုင်မှုအတွက် Gym ကစားခိုင်းပါတယ်။ လောလောဆယ်တော့ သူတို့ ဒဏ်ရာကို စောင့်ကြည့်နေတုန်းပါပဲ။ အသင်းနဲ့ ပူးပေါင်းလေ့ကျင့်မခိုင်းပဲ အပေါ့စားလေ့ကျင့်ခန်းပဲ လုပ်ခိုင်းထားပါတယ်။ ဒီလိုပုံမှန်လေ့ကျင့်မှု များများလုပ်ပေးရင်းနဲ့ တစ်လ၊ နှစ်လလောက်အတွင်း ဒီကစားသမားတွေ ကြံ့ခိုင်မှုပြန်ကောင်းအောင် လုပ်ဆောင်ပေးသွားပါ့မယ် ” ဟု မီရိုဆလပ်က ဒဏ်ရာရကစားသမားအချို့၏ အခြေအနေနှင့် ပတ်သက်ပြီး ပြောသည်။

စင်ကာပူနှင့်ခြေစမ်းပွဲ၊ လက်ဘနွန်နှင့်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက် ရွေးချယ်ထားသော ပဏာမမြန်မာ့လက်ရွေးစင်အသင်းလူစာရင်းတွင် ငြိမ်းချမ်းအောင်၊ ကြည်လင်း၊ ကျော်မင်းဦး၊   ဒေးဗစ်ထန်းစသည့် ကစားသမားများဒဏ်ရာရနေသည်။ မြန်မာ့လက်ရွေးစင်အသင်းကို လက်ရှိအချိန်တွင် တစ်ပတ်၊ တစ်ရက်နှုန်းဖြင့်လေ့ကျင့်မှုများပြုလုပ်နေပြီး မတ်လ ၁၄ ရက်တွင် စခန်းသွင်းလေ့ကျင့် မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required