ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ အမျိုးသမီးများနှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှု ဖြစ်စဉ်များ ဖြစ်ပွားမှု မြန်မြန်ဆန်ဆန် မြင့်တက်နေစဉ် ပြည်နယ်အာဏာပိုင်တို့က “အရေးပေါ်အခြေအနေ” တစ်ရပ် ကြေညာရန် ဆုံးဖြတ်ထားသည်။
ယင်းကဲ့သို့သော ဖြစ်စဉ်များ မြင့်တက်နေခြင်းက လူ့အဖွဲ့အစည်းနှင့် အစိုးရအရာရှိများအတွက် ကြီးလေးသည့် ကိစ္စတစ်ခု ဖြစ်ကြောင်း ပန်ဂျပ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး အက်တာ တာရာက ဇွန်လ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။
“ပန်ဂျပ်ပြည်နယ်မှာ ခုဆိုရင် နေ့စဉ် အဓမ္မပြုကျင့်မှုဖြစ်စဉ် ၄ ခုကနေ ၅ခုအထိ ဖြစ်ပွားနေပါတယ်။
ဒါကြောင့် အစိုးရအနေနဲ့ အဲဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု၊ မတော်မတရား ပြုကျင့်မှုနဲ့ နိုင်ထက်စီးနင်းပြုမှု ဖြစ်စဉ်တွေကို ကိုင်တွယ်ဖို့ အထူးအစီအမံ လုပ်ဆောင်ချက်တွေကို စဉ်းစားနေပါတယ်” ဟု အက်တာ တာရာက ပြောကြောင်း Geo News က ဖော်ပြသည်။
“အဓမ္မပြုကျင့်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရဘက်က အရေးပေါ် အခြေအနေတစ်ခု ကြေညာထားပါတယ်” ဟု ၎င်းက ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အရပ်ဘက်လူ့အဖွဲ့အစည်း၊ အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ဆရာဆရာမများနှင့် ရှေ့နေများကလည်း အကြံပြုဆွေးနွေးကြလိမ့်မည်ဟု ပန်ဂျပ်ပြည်နယ် ပြည်ထဲရေး ဝန်ကြီးက ပြောသည်။
ထို့ပြင် မိဘများအနေဖြင့်လည်း ၎င်းတို့၏ ကလေးများကို ဘေးကင်းလုံခြုံရေး၏ အရေးကြီးမှုအကြောင်း သင်ကြားပေးရန် ၎င်းက တိုက်တွန်းခဲ့သည်။