ရန်ကုန်တွင် ရဟန်းတော်တစ်ပါးက စစ်ကောင်စီ၏ သေဒဏ်စီရင် ကွပ်မျက်မည့် အပေါ်တွင် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်

ရန်ကုန်တွင် ရဟန်းတော်တစ်ပါးက စစ်ကောင်စီ၏ သေဒဏ်စီရင် ကွပ်မျက်မည့် အပေါ်တွင် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်

June 21

ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးက စစ်ကောင်စီ၏ သေဒဏ်ပေးမည်ဟု ကြေညာသည့် အပေါ် ကန့်ကွက်ကြောင်း ယနေ့ ဇွန်လ၂၁ရက် နံနက်ပိုင်းက တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခဲ့သည်။

ရဟန်းတော်သည် စစ်ကောင်စီတပ်၏ လူမဆန်စွာသတ်ဖြတ်ခြင်း၊ သေဒဏ်ပေးခြင်း လုပ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း ဆိုင်းဘုတ်ကို ကိုင်ဆောင်၍ ဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“ခေတ်အဆက်ဆက် ရဟန်း၊ ရှင်၊ လူ ပြည်သူတွေအပေါ် အခုလိုအနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ အဖွဲ့အစည်းမျိုး မတွေ့ဖူးဘူး။ မြန်မာ့သမိုင်းမှာ ရှိလည်း မရှိခဲ့ဘူး။ ကိုယ့်မြန်မာလူမျိုးအချင်းချင်းကို ဒီလောက်ထိ ရက်စက်ယုတ်မာလိမ့်မယ်လို့ တွေးတောင် မတွေးခဲ့မိဘူး။ အဲဒီလို စည်းပျက်ကမ်းပျက် လူမဆန်တဲ့လုပ်ရပ်တွေကို မကြိုက်လို့ မကြိုက်ကြောင်း ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြရခြင်းဖြစ်ပါတယ်” ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည့် ရဟန်းတော်က မဇ္ဈိမကိုမိန့်သည်။

စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ သေဒဏ်ပေးခြင်းခံရသူ ဦးရေ စုစုပေါင်း၁၀၀ကျော် ရှိနေပြီဖြစ်သည်။ ၎င်းတို့ထဲတွင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုသူရမျိုးအောင်တို့၏ သေဒဏ်အမိန့်ကို စီရင်တော့မည် ဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူက ပြီးခဲ့သည့် ဇွန်လ၃ရက်နေ့က ထုတ်ဖော်ပြောကြားလာသည်ကို တွေ့ရသည်။

ထိုသို့ထုတ်ဖော်ပြောကြားပြီးနောက် သေဒဏ်စီရင်မည့်ကိစ္စအပေါ် သတင်းအမှားများ ထွက်ပေါ်ခဲ့သော်လည်း စီရင်မည့်နေ့ကိုမူ စစ်ကောင်စီ က ကြေညာခြင်း မရှိသေးပေ။

ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်အမိန့်စီရင်ချက်ချမည့်အပေါ်တွင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများနှင့် သံရုံးများက ကန့်ကွက်ကြောင်းနှင့် ရှုတ်ချကြောင်း ကြေညာချက်များထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် သေဒဏ်စီရင်မှုများကို ပထမဆုံးပြုလုပ်မည်ဟု ကြေညာခဲ့ ခြင်းဖြစ်သော်လည်း နိုင်ငံတစ်ဝန်း တွင် စစ်ကောင်စီ ၏လက်ချက်ကြောင့် နေ့စဉ် သေဆုံးမှုများရှိနေသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း( AAPP) ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏လက်ချက်ကြောင့် သေဆုံးရသူ ဦးရေမှာ ၁၉၉၀ ကျော်ရှိနေပြီဖြစ်သည်။

#Mizzima

#ရန်ကုန်မြို့

#ရဟန်းတော်

#စစ်ကောင်စီ

#သေဒဏ်ကွပ်မျက်မှု

#ဆန္ဒထုတ်ဖော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required