ချယ်လ်ဆီးအသင်းမှ ရာသီကုန်တွင် ထွက်ခွာမည်ဟု တယ်ရီကြေငြာ

ချယ်လ်ဆီးအသင်းမှ ရာသီကုန်တွင် ထွက်ခွာမည်ဟု တယ်ရီကြေငြာ

ဖေဖေါ်ဝါရီ ၂၊ လန်ဒန် ။          ။ ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီက ရာသီကုန်တွင်အသင်းမှ ထွက်ခွာတော့မည်ဟု MK ဒွန်းစ်အသင်းကို ၅ - ၁ ဂိုးဖြင့်အနိုင်ရခဲ့သော အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အပြီးတွင် တရားဝင်ကြေငြာခဲ့သည်။

တယ်ရီမှာ ချယ်လ်ဆီးအသင်းတွင် ၂၁နှစ်ကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ လေးကြိမ်၊ အက်ဖ်အေဖလားချန်ပီယံ ငါးကြိမ်၊ ကားလင်းဖလားချန်ပီယံ သုံးကြိမ်၊ ချာရတီဒိုင်း နှစ်ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ ယူရိုပါလိဂ် တစ်ကြိမ်ဖြစ်ထားသည်။

တယ်ရီ၏ကြေငြာချက်ထွက်ပေါ်လာပြီးနောက် ချယ်လ်ဆီးအသင်းမှလည်း အသက် ၃၅နှစ်အရွယ်ရှိ တယ်ရီကို စာချုပ်သစ်ချုပ်ရန်အတွက် လမ်းဖွင့်ထားဆဲဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ခဲ့သည်။

“ သူက ချယ်လ်ဆီးရဲ့ထူးခြားဆန်းပြားတဲ့ အသင်းခေါင်းဆောင်တွေထဲက တစ်ဦးပါ။ စာချုပ်သစ်အတွက်အသင်းဘက်က ဆွေးနွေးဖို့အသင့်ရှိပါတယ်။ စာချုပ်သစ်က လက်ရှိစားပွဲပေါ်မှာမရှိပေမယ့် လာမယ့်လတွေအတွင်းမှာ အခြေအနေကပြောင်းသွားနိုင်ပါတယ်။”ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တယ်ရီနှင့်ချယ်လ်ဆီးအသင်းစာချုပ်မှာ ယခုနှစ်ဘောလုံးရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အခြားပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းသို့ပြောင်းရွှေ့မည်မဟုတ်ဟု တယ်ရီကဆိုသည်။

“အသင်းတာဝန်ရှိသူတွေကတော့ပြောတယ်။ ဆုံးဖြတ်ချက်ကို နည်းပြသစ်ရောက်လာမှ ဆွေးနွေးပြီး အတည်ပြုဖို့ပေါ့။ ဒါပေမယ့် ကျွန်တော် ချယ်လ်ဆီးကထွက်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော်အခြားပရီးမီးယားလိဂ်အသင်းကို ပြောင်းမှာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ပြင်ပမှာ ကစားမှာပါ။”ဟု တယ်ရီကပြောသည်။ ဂျွန်တယ်ရီမှာ ချယ်လ်ဆီးအတွက် ပွဲပေါင်း ၄၇၇ပွဲကစားထားပြီး သွင်းဂိုး ၄၀အထိသွင်းယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required