Myanmar Media 7 ကုမ္ပဏီ မှ ၂၀၁၆ ခုနှစ် ထဲတွင် ပြုလုပ်မည့် အနုပညာ လှုပ်ရှားမှုများ

Myanmar Media 7 ကုမ္ပဏီ မှ ၂၀၁၆ ခုနှစ် ထဲတွင် ပြုလုပ်မည့် အနုပညာ လှုပ်ရှားမှုများ

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ။             ။ Myanmar Media 7 ကုမ္ပဏီမှ ၂၀၁၆ ခုနှစ်ထဲတွင် မြန်မာရုပ်သံဇာတ်လမ်းတွဲ ၂ခု ရိုက်ကူး ထုတ်လွှင့်သွားမည့် အပြင် MFF Beach Soccer (သဲသောင်ပြင် ဘောလုံးပြိုင်ပွဲ) နှင့် အဆိုတော် ထွန်းထွန်း၊ သိန်းလင်းစိုးတို့၏ တစ်ကိုယ်တော် အခွေများကိုလည်း ဖြန့်ချိသွားမည် ဖြစ်သည်။

Myanmar Media 7 ကုမ္ပဏီ မှ ၂၀၁၆ ခုနှစ် အတွင်း အနုပညာလှုပ်ရှားမှု တချို့ နှင့် ပတ်သက်၍ စာနယ်ဇင်း များအား အသိပေးခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၇ရက်တွင် ရန်ကုန်မြို့ရှိ Novotal Hotel ၌ ကျင်းပခဲ့သည်။

ဇာတ်လမ်းတွဲ ၂ခု အနက် ပထမ ဇာတ်လမ်းတွဲသည် ချာမ်းဟု အမည်ပေးထားပြီး စိတ်စွမ်းအား ဇာတ်ကားဖြစ်ကာ ၁၀မိနစ် ၁၅ မိနစ်အတွင်း ဖြစ်ပျက်မည့် အကြောင်းအရာကို ကြိုသိနိုင်သည့် စိတ်စွမ်းအား ပိုင်ဆိုင်ထားကြသည့် လူငယ် နှစ်ဦး နှင့် အချစ် ကို ရောနှောပြီး ရိုက်ကူးမည့် ဇာတ်လမ်းတွဲ ဖြစ်သည်။

ထို ဇာတ်လမ်းတွဲကို ဒါရိုက်တာ သားညီမှ ရိုက်ကူးပုံဖော်မည် ဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း မင်းခိုက်စိုးစံ ဖြစ်ကာ သရုပ်ဆောင်များက အဆိုတော် သိန်းလင်းစိုး၊ ဘန်နီဖြိုး၊ သားငယ်၊ နန်းဆုဦး၊ ထက်ထက်ထွန်းတို့မှ ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။

နောက်ထပ် ဇာတ်လမ်းတွဲ တစ်ခုမှာ ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာဟု အမည်ပေးထားပြီး မိဘမဲ့ကျောင်းက ထွက်လာသည့်  လူငယ် သုံးဦးမှ မြို့တက် အလုပ်လုပ်ကြရင်း သူတို့၏ အလွဲများ၊ သူတို့၏ ဘဝများ၊ သူတို့၏ အချစ်တွေကို ပုံဖော် ရိုက်ကူးမည့် ဇာတ်လမ်း ဖြစ်သည်။  

ထို ဇာတ်ကားကို ဒါရိုက်တာ သြရသမှ ရိုက်ကူးပုံဖော်မည် ဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း နေစိုးသော် ဖြစ်ကာ သရုပ်ဆောင်များအဖြစ် မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေး၊ ဂျိုကာ၊ နန်းမြတ်ဖြိုးသင်းတို့မှ ပါဝင် သရုပ်ဆောင် ကြမည် ဖြစ်သည်။

Myanmar Media 7 ကုမ္ပဏီမှ ကိုဝေမင်းမောင်က "Media 7 အနေနဲ့ ၂၀၁၆ ခုနှစ် အတွင်းမှာ လုပ်မယ့် အရာလေးတွေကို တစ်ခါတည်း ပေါင်းပြီး မီဒီယာတွေကို အသိပေးတာပါ။ ဇာတ်လမ်းတွဲ ၂ခု ရိုက်ကူးမယ် ပြီးတော့ အနုပညာရှင်တွေ ပါဝင်မယ့် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲ ကျင်းပမယ်။ တေးသီချင်း အယ်ဘမ် ထုတ်လွှင့်မှုတွေပါ ပါဝင် လာပါတယ်။ အဲတာတွေကို ပရိတ်သတ်တွေနဲ့ မီဒီယာတွေ သိရှိဖို့ ပွဲလေးလုပ်တဲ့သဘောပါ" ဟု ပြောသည်။

အပိုင်း ၁၅ ပိုင်းဆီ ပါဝင်မည့် မြန်မာရုပ်သံဇာတ်လမ်းတွဲ နှစ်ခုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ နှင့် ဧပြီလတို့တွင် ရိုက်ကူး ပုံဖော်သွားမည်ဖြစ်ပြီး Mntv ရုပ်သံလိုင်းတွင် ပြသသွားမည် ဖြစ်သည်။

MFF Beach Soccer (သဲသောင်ပြင် ဘောလုံးပြိုင်ပွဲ)ကိုလည်း ငွေဆောင်ကမ်းခြေတွင် ကျင်းပသွားမည် ဖြစ်ပြီး အနုပညာရှင် အယောက် ၁၀၀ ပါဝင်မည် ဖြစ်ကာ ရုပ်ရှင်အသင်း၊ ဂီတအသင်း၊ သဘင်အသင်း၊ လူရွှင်တော် အသင်းတို့မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထိုပြိုင်ပွဲကို Mrtv Entertainment မှ တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required