ရုရှားအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားပေးမည်ဟု ပြင်သစ်မျှော်လင့်

ရုရှားအပေါ် ပိတ်ဆို့မှုများ ဖယ်ရှားပေးမည်ဟု ပြင်သစ်မျှော်လင့်

ပါရီ၊ ဇန်နဝါရီ ၂၅ ။             ။ ယူကရိန်းတွင် စွက်ဖက်မှုဖြင့် ရုရှားအပေါ် ချမှတ်ထားသည့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကို ယခုနှစ်နွေရာသီတွင် ဖယ်ရှားပေးလိမ့်မည်ဟု ပြင်သစ်က မျှော်လင့်နေသည်။

"ကျွန်တော်တို့ရဲ့ တူညီတဲ့ ပန်းတိုင်က ပိတ်ဆို့မှုတွေကို ဒီနှစ်နွေရာသီမှာ ရုပ်သိမ်းနိုင်ဖို့ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မင့်စ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေးစားမှုရှိထားလို့ပါ" ဟု ပြင်သစ် စီးပွားရေးဝန်ကြီး အီမန်နျူဝယ်မက္ကရွန်က ဇန်နဝါရီ ၂၄က မော်စ်ကိုခရီးစဉ်တစ်ခုအတွင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအချို့ပြီးဆုံးပြီးနောက် ၂၀၁၅ ဖေဖော်ဝါရီတွင် ဘီလာရုစ်နိုင်ငံမြို့တော် မင့်စ်တွင် ယူကရိန်း၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်တို့ကြား စစ်ရပ်စဲရေးသဘောတူညီချက်တစ်ခု ရရှိခဲ့သည်။

သဘောတူညီချက်ကြောင့် တိုက်ခိုက်မှုများ သိသာစွာလျော့ကျခဲ့သည်။ ၂၀၁၄ ဧပြီကတည်းက ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ယူကရိန်းတွင် လူ ၉,၀၀၀ကျော်သေဆုံးပြီးဖြစ်သည်။

သဘောတူညီချက်ပါလိုအပ်ချက်များ ဖြည့်ဆည်းပြီးပါက ရုရှားအပေါ်ပိတ်ဆို့ထားသော အရေးယူမှုများဖယ်ရှားပေးမည်ဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။လာမည့်လများအတွင်း မင့်စ်သဘောတူညီချက်များကို့အကောင်အထည်ဖော်ပြီးရန် ဖြစ်နိုင်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

လက်နက်ကြီးများရုပ်သိမ်းမှုအပြင် အပစ်အခတ်ရပ်စဲရေးနှင့် ယူကရိန်းတွင် အခြေခံဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲမှုများကဲ့သို့ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် မင့်စ်သဘောတူညီချက်က တောင်းဆို ထားသည်။

ယူကရိန်းအရေးတွင် ရုရှားက ဝင်ရောက်စွက်ဖက်နေသည်ဟု ယူကရိန်း၊ အမေရိကန်နှင့် အနောက်နိုင်ငံမဟာမိတ်များက ရုရှားကို စွပ်စွဲလျက်ရှိသော်လည်း ရုရှားက ငြင်းဆိုထားသည်။

ကိဗ်နှင့် ရုရှားလိုလားသော သူပုန်များသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သော လက်နက်ကြီးသုံးစွဲမှုကို ဆက်လက် ပြုလုပ်နေသည်ဟု အပြန်အလှန် စွပ်စွဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required