ထိုင်ဝမ်တွင် အားပြင်းငလျင်လှုပ်၍ ထိခိုက်ဒဏ်ရာရမှုနှင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်

ထိုင်ဝမ်တွင် အားပြင်းငလျင်လှုပ်၍ ထိခိုက်ဒဏ်ရာရမှုနှင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်
Photo - FOCUS TAIWAN

မတ်လ ၂၃ ရက်

ထိုင်ဝမ်၏ ဟွာလီယန်ကောင်တီ ကမ်းရိုးတန်း ပြင်ပတွင် ဗဟိုပြုပြီး ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု မတ်လ ၂၃ ရက် အစောပိုင်းက လှုပ်ခဲ့ပြီးနောက် လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အရှေ့ဘက်ကမ်းရိုးတန်းတစ်လျောက်ရှိ လမ်းတချို့ ပျက်စီးမှု ဖြစ်ပေါ်ကာ တောင်ပိုင်းတွင်လည်း ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်မှုသည် ဒေသစံတော်ချိန် မနက် ၁ နာရီ ၄၁ မိနစ်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဟွာလီယန်ကောင်တီ ခန်းမ၏ တောင်ဘက် ၆၂ ဒသမ ၆ ကီလိုမီတာခန့်တွင် ဗဟိုပြုခဲ့ခြင်း ဖြစ်သည်။ ယင်းငလျင်လှုပ်ပြီးနောက် ပြင်းအား ၄ ဒသမ ၇ ကနေ ၅ ဒသမ ၈ အထိ ရှိသည့် နောက်ဆက်တွဲငလျင် ၂၀ ကျော် လှုပ်ခဲ့သေးသည်ဟု ဗဟိုရာသီဥတုဗျူရို (CWB) က ပြောသည်။

ထိုင်ထန်း ကောင်တီ ချန်ဘင်းမြို့မှ အသက် ၈၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ငလျင်လှုပ်ချိန်အတွင်း ကျိုးပဲ့ခဲ့သည့် အရာတစ်ခုမှ မှန်ကွဲစများ ၎င်းအပေါ် ကျခဲ့သဖြင့် ပွန်းပဲ့ဒဏ်ရာများ ရခဲ့ပြီးနောက် ၎င်းကို လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အာဏာပိုင်များက ပြောသည်။

အလားတူ ဟွာလီယန်ကောင်တီ ယွီလီမြို့ရှိ စီရင်စုနယ် အဝေးပြေးလမ်း အမှတ် ၉ တွင် ဆောက်လုပ်ဆဲ တံတားတစ်ခု၏ တိုးချဲ့အပိုင်းတစ်ခုက ငလျင်လှုပ်ချိန်အတွင်း ပြိုကျခဲ့သည့်အတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ စစ်ဆေးမှုလုပ်ရန်အတွက် တံတား၏ ရှိရင်းစွဲ အပိုင်းကို ပိတ်ထားခဲ့ရသည်။

ထို့ပြင် ထိုင်ထန်းကောင်တီရှိ အဝေးပြေးလမ်း အမှတ် ၃၀ သည်လည်း လမ်းဘေးစင်္ကြံ အက်ကွဲမှုတစ်ခုကြောင့် ယင်း၏ ၃၂ ဒသမ ၅ ကီလိုမီတာ လမ်းညွှန်အမှတ်အနီး ပိတ်ထားခဲ့ရကြောင်း အာဏာပိုင်များက ပြောပြီး ညနေ ၅ နာရီမတိုင်မီ အသွားအလာအတွက် ပြန်ဖွင့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းတို့က ပြောသည်။

ချန်ဘင်းနှင့် ဒုန်ဟီး မြို့များရှိ စီရင်စုနယ် အဝေးပြေးလမ်း အမှတ် ၁၁ ၏ ဧရိယာများတွင်လည်း ကျောက်တုံးများ ကျနေပြီး၊ အပျက်အစီးများ ရှိနေသည့် သတင်းများထွက်ပေါ်ထားခဲ့သည်။ ယုန်ဖူ ဧရိယာအနီး လမ်းပေါ်သို့ ခန့်မှန်းခြေအားဖြင့် မက်ထရစ်တန်ချိန် ၁၀ တန်ခန့် လေးသည့် ၁ ဒသမ ၈ မီတာ ရှိ ကျောက်တုံးကြီးတစ်တုံး ကျခဲ့သည်ဟု သိရပြီး ယင်းကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။

ချန်ဘင်းမြို့ရှိ ပုစွန် မွေးမြူရေးသမားတစ်ဦးက ပြောကြားရာတွင် ငလျင်ကြောင့် ၎င်း၏ ပုစွန်ကန်အချို့ အတားအဆီးများ ပျက်စီးခဲ့ရပြီး ပုစွန်ကောင်ရေ သိန်းချီ မျောပါသွားခဲ့သည့်အတွက် ထိခိုက်ဆုံးရှုံးမှုတန်ဖိုး ထိုင်ဝမ်ဒေါ်လာ ၂ သန်း (ကန်ဒေါ်လာ ၇၀,၀၅၄) ခန့် ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ပင်ထန်း ကောင်တီ တောင်ပိုင်းတွင်လည်း ငလျင်ကြောင့် လျှပ်စစ်ကြိုး ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့၍ လျှပ်စစ်သုံးစွဲသူ ၁,၂၀၃ ဦးခန့် ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရကြောင်းနှင့် မနက် ၅ နာရီခန့်တွင် လျှပ်စစ်ပြန်ပေးနိုင်ခဲ့ကြောင်း ထိုင်ဝမ်လျှပ်စစ်ကုမ္ပဏီက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly