မွန်ညီညွတ်ရေး ပါတီက ဥက္ကဌ သစ် ရွေးချယ်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
23 March 2022
မွန်ညီညွတ်ရေး ပါတီက ဥက္ကဌ သစ် ရွေးချယ်

၂၀၂၂ ခုနှစ် မတ်လ ၂၃ ရက်။

မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ အဖြစ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းလည်းဖြစ်၊ ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဖြစ်ခဲ့သူကို ရွေးချယ်ခဲ့သည့်အပြင် ဗဟိုအလုပ်အမှုဆောင် အသစ်များကို ပါတီ၏ ပထမအကြိမ် ညီလာခံတွင် ရွေးချယ် အတည်ပြုပြီးဖြစ်သည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

ပါတီညီလာခံမှ ဥက္ကဋ္ဌ အသစ်အဖြစ် ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးလည်း ဖြစ်ခဲ့သူ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းလည်းဖြစ်သည့် နိုင်လဝီအောင် (ခ) နိုင်မြင့်ဆွေ၊ ဒုဥက္ကဋ္ဌ (၁) နှင့် ဒုဥက္ကဋ္ဌ (၂) အပါအဝင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၇ ဦးကို ရွေးချယ်အတည်ပြုခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင်အသစ်ရွေးချယ်သည့်အပေါ် ဝေဖန်မှုအချို့ရှိနေ သော်လည်း မဲစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့သည်ဟု ပါတီအထွေထွေအတွင်းရေးမှူး နိုင်စံတင်က ပြော သည်။

“CC, CEC မှာ မြို့နယ်စုံကိုယ်စားလှယ်တွေပါအောင် လူအသစ်တွေလဲပါနိုင်အောင် ပြီးတော့ ရွေးချယ်တဲ့နေရာ မှာ လည်း မဲစနစ်နဲ့ အများက ရွေးချယ်တာဖြစ်တယ်။ ကိုယ့်သဘောနဲ့ကိုယ် ရွေးတာမဟုတ်ပါဘူး” ဟု ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်စံတင် က ပြောသည်။

ညီလာခံတက်ရောက်သည့် ကိုယ်စားလှယ် ၂၀၀ ကျော်က ဗဟိုကော်မတီဝင် ၈၁ ဦးနှင့် အရန် ၇ ဦးတို့ကို ရွေး ချယ်ခဲ့ပြီး ဗဟိုကော်မတီဝင်များက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၇ ဦးကို ထပ်မံရွေးကာ ထိုမှတဆင့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့အား အသီးသီးရွေးချယ်ခဲ့ကြသည်။

ပါတီညီလာခံတွင် ပါတီဗဟိုဦးဆောင်သူ အဆင့်ဆင့်ရွေးချယ်ခြင်း အပြင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဥ်းကို ပြန်လည်သုံးသပ်အတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များကိုလည်း ချမှတ်ခဲ့သည်ဟု ပါတီက ပြောသည်။

ညီလာခံမှ ဥပဒေဘောင်အတွင်း နိုင်ငံရေးပါတီဖြစ်သည်နှင့်အညီ သိမ်မွေ့ညင်သာသောအပြောင်းအလဲကို ဖော် ဆောင်နိုင်ရန် နိုင်ငံရေးပြဿနာများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရှာသွားရန်ဆိုသည့် အချက်အပါအဝင် ရှေ့ဆက်လုပ်ဆောင်ရမည့် အဓိကအချက် ၅ ချက် ပါဝင်သည်။

မွန်ညီညွတ်ရေးပါတီ MUP ၏ ပထမအကြိမ် ညီလာခံကို မတ်လ ၁၈ ရက်‌နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်တိုင် မော်လမြိုင်မြို့တွင် ကျင်းပခဲ့ပြီး ပါတီကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ခဲ့သည်။

မွန်ညီညွတ်ရေးပါတီကို မွန်နိုင်ငံရေးပါတီများ မွန်နိုင်ငံရေးအင်အားစုများဖြင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းခန့်က တည် ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့ကာ မွန်ပြည်နယ်တွင် ဒုတိယအများဆုံး အနိုင်ရရှိထားသည့် ပါတီ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာဗညား အောင်မိုးက ပြည်ထောင်စုအဆင့်တွင် လည်းကောင်၊ နိုင်လရီတမက ပြည်နယ်အဆင့်တွင်လည်းကောင်း စစ် ကောင်စီအဖွဲ့တွင် ပါဝင်ခဲ့သည့်အတွက် ပါတီတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ကာ ပါတီဗဟို အလုပ်အမှု ဆောင်အချို့ အပါအဝင် ပါတီဝင် ၅၀ ဦးထက်မနည်း နှုတ်ထွက်ထားသည်။

#MizzimaTV

#မွန်ညီညွတ်ရေးပါတီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly