ယူကရိန်းမှ ပြည်ပသို့ ဘေးလွတ်ရာ ထွက်ပြေးကြသည့် ပြည်သူပေါင်း ၂ သန်းခွဲ ရှိပြီဟု ကုလသမဂ္ဂ ပြော 

ယူကရိန်းမှ ပြည်ပသို့ ဘေးလွတ်ရာ ထွက်ပြေးကြသည့် ပြည်သူပေါင်း ၂ သန်းခွဲ ရှိပြီဟု ကုလသမဂ္ဂ ပြော 
Photo - Google

မတ်လ ၁၁ ရက်

လွန်ခဲ့သော သီတင်းပတ် နှစ်ပတ်က ရုရှကျူးကျော်ချိန်မှစကာ ယူကရိန်းမှနေ၍ ပြည်ပသို့ ဘေးလွတ်ရာ ထွက်ပြေးကြရသည့် ပြည်သူပေါင်းသည် ၂ ဒသမ ၅ သန်းခန့် ရှိပြီး စစ်ပွဲကြောင့် ပြည်တွင်းမှာပင် နေရာရွှေ့ပြောင်းရသူပေါင်းက နောက် နှစ်သန်းရှိကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောသည်။ 

ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ အကြီးအကဲ ဖီလစ်ပို ဂရန်ဒီက ဖေဖော်ဝါရီ ၂၄ ရက်က စတင်ဖြစ်ပွားသည့် ရုရှကျူးကျော်မှုကို “အသိတရားမဲ့ စစ်ပွဲ” ဟု ခေါ်ဆိုပြီး ယင်းစစ်ပွဲကြောင့် လူအများအပြား နေရပ်စွန့်ခွာရသည်ဟု အပြစ်ဆိုသည်။ 

“ယူကရိန်းက ဒုက္ခသည်ဦးရေဟာ ဝမ်းနည်းစရာကောင်းစွာပဲ ၂ ဒသမ ၅ သန်းရှိနေပြီ”ဟု ဂရန်ဒီက တွစ်တာတွင် ရေးသည်။ 

“ယူကရိန်းနိုင်ငံတွင်းမှာပဲ ဘေးလွတ်ရာ နေရပ်စွန့် ရွှေ့ပြောင်းရသူ နှစ်သန်းလောက် ရှိဦးမယ်လို့ ကျွန်တော်တို့ ခန့်မှန်းတယ်၊ ဒီ အသိတရားမဲ့ စစ်ပွဲကြောင့် ပြည်သူ သန်းပေါင်းများစွာဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးကြရတယ်”ဟု ၎င်းက ဆိုသည်။ 

အခြားနိုင်ငံများမှ နိုင်ငံသား ၁၁၆၀၀၀ အပါအဝင် ယူကရိန်းကနေ ထွက်ပြေးလာသူပေါင်း ၂ ဒသမ ၅ သန်း ရှိသည်ဟု ကုလသမဂ္ဂ ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ပေါလ် ဒီလွန်က ဆိုသည်။ 

စစ်ပွဲဆက်လက်ဖြစ်နေခြင်းကြောင့် ယူကရိန်းကနေ ထွက်ပြေးနိုင်ရေး ကြိုးစားကြသူပေါင်းက လေးသန်းလောက် ရှိလိမ့်မည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ခန့်မှန်းသည်။ 

သို့သော် သီတင်းသုံးပတ် မပြည့်မီအတွင်း လူအစုပြုံလိုက် ထွက်ခွာခြင်း အတိုင်းအတာသည် ယခု နှုန်းထားထက် ကျော်လွန်လျှင် အံ့ဩစရာ ရှိလိမ့်မည်မဟုတ်ဟု UNHCR က ဆိုသည်။ 

“ထွက်ပြေးဖို့ ကြိုးစားနေတဲ့ နှုန်းထားက လေးသန်းလောက် ရှိတယ်ဆိုတာကို ပြင်ဆင်တိုးမြှင့်ဖို့က အတော်လေးကို ဖြစ်နိုင်ပါတယ်”ဟု ဂျီနီဗာတွင် သတင်းထောက်များကို UNHCR ပြောခွင့်ရသူ မက်ထရူး ဆော့မာ့ရှ်က ပိုလန်ကနေ အွန်လိုင်းဗီဒီယိုမှတစ်ဆင့် ပြောသည်။ 

ဒုက္ခသည်အရေအတွက်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း မကြုံစဖူးသော နှုန်းထားပဲဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

ရုရှ မကျူးကျော်ခင်က ယူကရိန်းပိုင်နက်အတွင်း ကိယက်ဗ်မှ ဗဟိုအစိုးရ ထိန်းချုပ်မှုအောက် နေထိုင်သူပြည်သူပေါင်း ၃၇ သန်းကျော် ရှိခဲ့ခြင်း ဖြစ်သည်။ 

ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ကြသည့် ဦးရေ၏ ထက်ဝက်ကျော်သည် နယ်စပ်ကပ်လျက်ရှိသည့် ပိုလန်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးကြခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly