နေတိုးအဖွဲ့ဝင်ဖြစ်ရေး မတောင်းဆိုတော့ဟု ယူကရိန်းသမ္မတ ပြော

နေတိုးအဖွဲ့ဝင်ဖြစ်ရေး မတောင်းဆိုတော့ဟု ယူကရိန်းသမ္မတ ပြော
Photo - CNA

မတ်လ ၉ ရက်

ယူကရိန်းကို နေတိုးမဟာမိတ်အုပ်စုအဖွဲ့ဝင် ဖြစ်စေရေးအတွက် မတောင်းဆိုတော့ဘူးဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောဆိုလိုက်သည်။ ယင်းသည် အနောက်အုပ်စုလိုလားသော အိမ်နီးချင်းနိုင်ငံကို ကျူးကျော်ခြင်းအတွက် ရုရှတို့ ထုတ်ဖော်ထားသည့် အကြောင်းပြချက်များအနက်က ကိစ္စရပ်တစ်ခုဖြစ်သည်။

မော်စကို ကို နှစ်သိမ့်ရန် ရည်ရွယ်သည့် နောက်ထပ် သိသာပေါ်လွင်သော လက္ခဏာရပ်တစ်ခုအဖြစ် ဇယ်လန်စကီးက ပြောကြားရာတွင် ၎င်းအနေဖြင့် ရုရှ လိုလားသော ခွဲထွက်နယ်မြေနှစ်ခု၏ အဆင့်အတန်းနှင့်ပတ်သက်ပြီး အပေးအယူလုပ် ညှိနှိုင်းရန် လမ်းဖွင့်ထားသည်ဟု ပြောသည်။ ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် ဖေဖေါ်ဝါရီ ၂၄ ရက်က ယူကရိန်းအပေါ် ကျူးကျော်မှု မတိုင်မီ ထို ခွဲထွက်ဒေသနှစ်ခု၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ထားခဲ့သည်။

“နေတိုးအုပ်စုဟာ ယူကရိန်းကို လက်ခံဖို့ အသင့်ရှိမနေဘူးဆိုတာကို ကျွန်တော်တို့ သဘောပေါက်နားလည်ခဲ့ပြီးနောက် ဒီမေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော် စိတ်လျော့ပါးသွားခဲ့ပြီ” ဟု ဇယ်လန်စကီးက ABC News ၌ တနင်္လာညပိုင်းက ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

“ဒီ မဟာမိတ်အုပ်စုက အငြင်းပွားဖွယ် ကိစ္စတွေကို စိုးရိမ်နေသလို ရုရှနဲ့ ထိပ်တိုက်တွေ့ရမှာကိုလည်း ကြောက်နေပါတယ်” ဟု ယူကရိန်းသမ္မတက ပြောသည်။

၎င်းအနေဖြင့် တစ်စုံတစ်ခုအတွက် ဒူးထောက်တောင်းခံနေသည့် နိုင်ငံတစ်နိုင်ငံ၏ သမ္မတ မဖြစ်လိုဟု ဇယ်လန်စကီးက စကားပြန်မှတစ်ဆင့် နေတိုးအုပ်စု အဖွဲ့ဝင်ဖြစ်ရေးကိစ္စနှင့်ပတ်သက်ပြီး ရည်ညွှန်းပြောဆိုခဲ့သည်။

အိမ်နီးချင်း ယူကရိန်း နေတိုးအုပ်စု အဖွဲ့ဝင် ဖြစ်သွားမည်ကို မလိုလားကြောင်း ရုရှက ပြောထားသည်။

မကြာသေးသည့် နှစ်များအတွင်း နေတိုးမဟာမိတ်အုပ်စုသည် ဆိုဗီယက်အုပ်စု အဖွဲ့ဝင်ဟောင်း နိုင်ငံများကို ထည့်သွင်းရန် အရှေ့ဘက်သို့ နယ်မြေချဲ့ထွင်လာနေခဲ့ရာတွင် ယင်းက ရုရှအတွက် ဒေါသထွက်စရာဖြစ်စေခဲ့သည်။

ရုရှသမ္မတ ပူတင်သည် ယူကရိန်းကို ကျူးကျော်ရန် အမိန့်ပေးပြီး ကမ္ဘာကို မတုန်လှုပ်စေခင်က ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်နက်စ်နှင့် လူဟန့်စ် ဆိုသည့် ရုရှလိုလားသော ခွဲထွက်ဒေသနှစ်ခု၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့သည်။ ထို ဒေသနှစ်ခုသည် ၂၀၁၄ ခုနှစ်ကတည်းက ကိယက်ဗ်နှင့်အကြား တိုက်ခိုက်မှုများ ရှိနေခဲ့သည်။

လက်ရှိတွင် အဆိုပါ နယ်မြေနှစ်ခု၏ အချုပ်အခြာအာဏာပိုင်မှုနှင့် လွတ်လပ်ရေးကို ယူကရိန်းဘက်က အသိအမှတ်ပြုလက်ခံစေရေးအတွက်လည်း ပူတင်က လိုလားနေသည်။

ရုရှ တောင်းဆိုချက်နှင့် ပတ်သက်ပြီး ABC သတင်းက ၎င်းအား မေးမြန်းစဉ် ဇယ်လန်စကီးက ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားသည်ဟု ပြောသည်။

“လုံခြုံရေး အာမခံချက်တွေနဲ့ပတ်သက်လို့ ကျွန်တော် ဆွေးနွေးနေပါတယ်” ဟု ၎င်းက ပြောသည်။

ထို ဒေသနှစ်ခုကို မည်သူကမှ အသိအမှတ်ပြုထားခြင်း မရှိဘဲ ရုရှကသာ အသိအမှတ်ပြုထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ သို့သော် ဤနယ်မြေများ မည်သို့မည်ပုံ နေထိုင်ရပ်တည်သွားမလဲ ဆိုသည်နှင့် ပတ်သက်ပြီး မိမိတို့ ဆွေးနွေးနိုင်ပြီး ညှိနှိုင်းသဘောတူညီချက် ရှာသွားနိုင်သည်ဟု ၎င်းက ပြောသည်။

“ကျွန်တော့်အတွက် ဘာ အရေးကြီးသလဲ ဆိုတော့ အဲဒီနယ်မြေတွေမှာ ရှိတဲ့ လူတွေက ဘယ်လိုဘယ်ပုံ ဆက်နေသွားမလဲ၊ ဘယ်သူတွေက ယူကရိန်းရဲ့ အစိတ်အပိုင်း ဖြစ်ချင်သလဲ ၊ ယူကရိန်းမှာ ရှိတဲ့ ဘယ်သူတွေကရော အဲဒီသူတွေကို နိုင်ငံထဲမှာ ရှိစေချင်တယ်လို့ ပြောမလဲ ဆိုတာပဲဖြစ်ပါတယ်” ဟု ဇယ်လန်စကီးက ပြောသည်။

“ဆိုတော့ မေးခွန်းက အဲဒီဒေသတွေကို အလွယ်တကူ အသိအမှတ်ပြုလိုက်တာထက် အတော်လေး ပိုခက်ခဲနေပါတယ်” ဟု ယူကရိန်းသမ္မတက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required