PDF နှင့် ဆက်စပ်သည်ဟုဆိုကာ အမှုဖွင့်ခံထားရသည့် သံတွဲမြို့ခံ ၂ ဦးကို စွဲချက်တင်

PDF နှင့် ဆက်စပ်သည်ဟုဆိုကာ အမှုဖွင့်ခံထားရသည့် သံတွဲမြို့ခံ ၂ ဦးကို စွဲချက်တင်

မတ် ၉

ပြည်သူ့ ကာကွယ်ရေးတပ် (PDF) နှင့် ဆက်စပ်သည်ဟု ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆို ခံထားရသည့် သံတွဲမြို့မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို ယနေ့ မတ်လ ၉ ရက်နေ့တွင် သံတွဲမြို့နယ် တရားရုံးက စွဲချက်တင် အမိန့် ချမှတ်လိုက်ကြောင်း အမှုလိုက် ရှေ့နေ့ထံက သိရသည်။

“ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦး အမှုကို ဒီနေ့ မနက် ၁၀ နာရီကတော့ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက် ကြားနာတယ်ပေါ့နော်။ နေ့လယ် ၁ နာရီလောက် ကျတော့ စွဲချက်အမိန့် ချတယ်။ သူတို့ကို စွဲဆိုထားတဲ့ အကြမ်းဖက်ပုဒ်မ ၅၂ (က) နဲ့ စွဲချက် တင်လိုက်ပါတယ်” ဟု ရှေ့နေက ပြောသည်။

ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို PDF နှင့် ဆက်စပ်သည်ဟု ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မဖြင့် ငပလီမြို့ (၅၅) တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလို လုပ်ကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆို ခံထားရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့က အပြစ်မရှိကြောင်း တရားခွင်တွင် ငြင်းဆိုခဲ့သည့် အတွက် တရားလိုပြ သက်သေ ၁၃ ဦးထဲမှ သံတွဲ စရဖတပ် တပ်ကြပ်ကြီး ကျော်မင်းကို ပြန်ခေါ်သက်သေ အဖြစ် မတ်လ ၁၇ ရက်နေ့တွင် ရုံးချိန် ပြန်ခေါ်ထားကြောင်း ၎င်းတို့ ရှေ့နေ့က ဆိုသည်။

ရခိုင်ပြည်နယ်တွင် PDF နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီး တရားစွဲ ခံထားရသူ အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၁ ဦးနှင့် ထောင်ဒဏ် ချမှတ်ခံရသူ တစ်ဦး ရှိနေပြီ ဖြစ်သည်။

#Mizzima

#သံတွဲမြို့နယ်တရားရုံး

#အကြမ်းဖက်ပုဒ်မ၅၂ (က)

#တရားစွဲ

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly