တင်ဇာမော် အသက် ၄၀ပြည့် မွေးနေ့အမှတ်တရ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည်

တင်ဇာမော် အသက် ၄၀ပြည့် မွေးနေ့အမှတ်တရ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ။            ။ အဆိုတော် တင်ဇာမော်၏ အသက် ၄၀ပြည့် မွေးနေ့အမှတ်တရ အဖြစ် ကိုယ့်မွေးနေ့ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၆ရက်တွင် ရန်ကုန်မြို့ရှိ MCC (Out Door) ၌ ည ၇နာရီတွင် စတင်ကျင်းပ သွားမည်ဖြစ်သည်။

ကိုယ့်မွေးနေ့ဟု အမည် ပေးထားသည့် အဆိုတော် တင်ဇာမော်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်မည့် အကြောင်း သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၀ရက်တွင် ရန်ကုန်မြို့ရှိ Central Hotel ၌ ပြုလုပ်ခဲ့သည်။

အဆိုတော် တင်ဇာမော်က "သီချင်းအများစု ပါနိုင်အောင်တော့ အမ ဆိုပါမယ်။ ဖေ့စ်ဘွတ်ကနေ သီချင်းတောင်းကြတာ ရှိပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီး သီချင်း ရွေးချယ်မှု အပိုင်းကို အားထားထားပါတယ်။ ပရိသတ်တောင်းတဲ့ သီချင်းတွေ အများဆုံး ပါနိုင်အောင် ကြိုးစားပြီးတော့ ဆိုပါမယ်" ဟု ပြောသည်။

၎င်းအနေဖြင့် တစ်ကိုယ်တော် ဖျော်ဖြေပွဲ မတိုင်ခင် ၎င်းကိုယ်တိုင် သီဆိုထားသည့် ကိုယ့်မွေးနေ့ အမည်ရှိ တေးသီချင်းကို ဇန်နဝါရီ နောက်ဆုံးပတ်ထဲတွင် Myanmar Music Store အွန်လိုင်းမှ ပရိသတ်ကို ရောင်းချ ပေးသွားမည် ဖြစ်သည်။

ထို ဖျော်ဖြေပွဲတွင် အဆိုတော် တင်ဇာမော်က Plus Three Music Band နှင့်အတူ ဖျော်ဖြေမည် ဖြစ်ပြီး ၎င်း အောင်မြင် ကျော်ကြားခဲ့သည့် တေးသီချင်းဟောင်းများအပြင် တေးသီချင်းသစ်များဖြင့်လည်း ပရိသတ်များကို ဖျော်ဖြေသွားမည် ဖြစ်သည်။

အဆိုတော် တင်ဇာမော်၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် တေးသီချင်း အပုဒ် ၃၀ သီဆိုရန် စီစဉ်ထားပြီး တစ်ကိုယ်တည်း သီဆိုဖျော်ဖြေမည်ဖြစ်ကာ အကများ နှင့် တွဲဖက်ဖျော်ဖြေရန်လည်း စီစဉ်ထားသည်။

ထိုဖျော်ဖြေပွဲသည် အဆိုတော် တင်ဇာမော်၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲဖြစ်ပြီး ဖက်ရှင်ပိုင်းထက် သီချင်းဆိုမှုပိုင်းကို ဦးစားပေးလုပ်သွားမည်ဟုလည်း တင်ဇာမော်က ဆိုသည်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲပြီးသွားပါက တစ်ကိုယ်တော် တေးအယ်ဘမ် အတွက်ကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

ရှိုးပွဲလက်မှတ် ဈေးနှုန်းများကို တစ်စောင်လျှင် သုံးသောင်းကျပ်၊ နှစ်သောင်းကျပ် နှင့် တစ်သောင်းကျပ်ဟု သတ်မှတ်ထားကာ ဇန်နဝါရီ ၁၆ရက်မှ စတင်ပြီး ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်သည်။ လက်မှတ်များကို မန်းသီရိ တေးသံသွင်း၊ ကိုကို ညီညီ Beauty Saloon၊ CHAMPION STORE ၊ MMITX ၊  FX GYM ၊ စန္ဒာမောင် ပန်းအလှစတိုး ဗိုလ်ချုပ်ဈေး တို့တွင် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required