ဦးပိုင် နှင့် တပ်မတော်၏ သိက္ခာထိခိုက်စေသည့် ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ တပ်မတော်ကန့်ကွက်လွှာတင်

ဦးပိုင် နှင့် တပ်မတော်၏ သိက္ခာထိခိုက်စေသည့် ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ တပ်မတော်ကန့်ကွက်လွှာတင်

နေပြည်တော်၊ ဇန်နဝါရီ ၁၈ ။ ။ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နှင့် တပ်မတော်အပေါ် သိက္ခာထိခိုက်သည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းမတင်ဘဲ ပယ်ဖျက်ပေးရန်  တပ်မတော်သား အစုအဖွဲ့ ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်နာယကထံ ကန့်ကွက်လွှာတစ်စောင်ပေးပို့ တောင်းဆိုခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၁၅ရက်က လွှတ်တော်ကိုယ်စားလှယ် (၂၂) ဦး ပါဝင်ဆွေးနွေးခဲ့ကြရာ ပွင့်ဖြူမြို့နယ်မှ ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုကလည်း တပ်မတော်အခန်းကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ 

ဆွေးနွေးရာတွင် လယ်ယာမြေ သိမ်းဆည်းခံရသူများ၏ လျော်ကြေးကိစ္စ တပ်မတော်အထည်စက်ရုံများအတွက် ကုန်ကြမ်းစိုက်ပျိုးသည့် တပ်မတော်၏ ဝါစိုက်ပျိုးရေးတပ်နှင့် တပ်မတော်သားများ မိသားစုဝင်များ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် တို့အား သတင်းမှန်သိရှိခြင်း မရှိဘဲ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိပါးပြောဆိုခဲ့၍ ယခုကဲ့သို့ ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ၍ နာယကထံ ကန့်ကွက်စာပေးပို့ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ကန့်ကွက်လွှာ၌ ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ကန့်ကွက်ပါကြောင်းနှင့် ဒေါက်တာအောင်မိုးညို ဆွေးနွေးခဲ့သည့် ကာကွယ်ရေး အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုထားသည်။

အဆိုပါ ကန့်ကွက်လွှာကို လွှတ်တော်နာယက က ဇန်နဝါရီလ(၁၈) ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဖတ်ကြားခဲ့ပြီးနောက် ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ပါကြောင်း ကြေညာခဲ့သည်။ 

“သူတို့က တပ်မတော်ရဲ့ သိက္ခာကို ထိခိုက်စေလို့မို့လို့ အသုံးအနှုန်းလေးပြင်ထန်တာလေးကို ပြင်ပေးပါတဲ့  ဒီလွှတ်တော်မှတ်တမ်းမှာ ပါမှာစိုးလို့ပေါ့လေ၊ လွှတ်တော်မှတ်တမ်းဆိုတာ စာအုပ်ကြီးတွေ ပေးတာပေါ့၊ ကျွန်တော် သဘောတူလိုက်ပါတယ်၊ ဘာမှမဖြစ်ပါဘူး" ဟု အဆိုကို မှတ်တမ်းမှ ပယ်ဖျက်ခံရသည့် ဒေါက်တာအောင်မိုးညိုက ပြောသည်။

တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့၏ ပေးပို့သည့် ကန့်ကွက်လွှာ၌ ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးချက်များသည် အဖွဲ့အအစည်းတစ်ခု၏ ဂုဏ်ကို ထိခိုက်စေသော ဆွေးနွေးမှုပါရှိကြောင်းနှင့် 
ပြည်ထောင်စုလွှတ်တော် နည်းဥပဒေပုဒ်မ ၆၃(က)ကို ဖောက်ဖျက်ကြောင်းလည်း ကန့်ကွက်လွှာ၌ ပါရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly