လူမှုမီဒီယာကို ခံတပ်လိုသုံးပြီး ပုန်းအောင်းဝါဒဖြန့်နေတဲ့ စစ်ကောင်စီလော်ဘီအကောင့်တွေရဲ့ ကြိုးကိုင်လှုပ်ရှားသူတွေကို ခြေရာခံခြင်း (အပိုင်း ၁)

လူမှုမီဒီယာကို ခံတပ်လိုသုံးပြီး ပုန်းအောင်းဝါဒဖြန့်နေတဲ့ စစ်ကောင်စီလော်ဘီအကောင့်တွေရဲ့ ကြိုးကိုင်လှုပ်ရှားသူတွေကို ခြေရာခံခြင်း (အပိုင်း ၁)

Telegram ဟာ လူမှုစံနှုန်းချိုးဖောက်မှုတွေ လုပ်ဖို့ ပိုပြီးလွယ်ကူတာကြောင့် စစ်တပ် လော်ဘီတွေဟာ ဒီဟာကို သုံးပြီး ဝါဒဖြန့်ချိရေးကို ဘယ်လို လုပ်နေသလဲ ရှေ့တစ်ခေါက် ဆောင်းပါးမှာတင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီ ဆောင်းပါးထဲမှာ လော်ဘီချန်နယ်တွေရဲ့ နောက်ကွယ်က ချိတ်ဆက်လှုပ်ရှားမှုတွေကို သတိထားရမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး သတိပေးဖော်ပြခဲ့ပါတယ်။ စစ်ကောင်စီလော်ဘီတွေဟာ လူမှုမီဒီယာအကောင့်တွေ Channel တွေနောက်ကွယ်မှာ တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက် ချိတ်ဆက်လှုပ်ရှားမှု တွေ ရှိပါတယ်။ စစ်ဘက်ဆိုင်ရာသာမက အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ ဒီလို လုပ်ဖို့ စစ်ကောင်စီ တပ်တွင်းမှာတင် ညွှန်ကြားချက်တွေ ပေးထားတာ ရှိတယ်လို့ Myanmar Now ရဲ့ သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။1

ဒီတစ်ခါ ဆောင်းပါးမှာ စစ်ကောင်စီလော်ဘီတွေရဲ့ လူမှုမီဒီယာနောက်ကွယ်က ကြိုးကိုင်လှုပ်ရှားသူတွေနဲ့ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ ပါဝင်နေမှုကို သတိထားနိုင်အောင် စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။ မြေပြင်အတည်ပြုချက်ကို မှီခိုပြီး သုတေသနပြုလုပ်ဖို့ အကန့်အသတ်ရှိတဲ့အတွက် နည်းပညာကြောင့်ရတဲ့အချက်အလက်ကို အားထားပြီး သုတေသန ပြုလုပ်ထားပါတယ်။ အဲ့ဒီအတွက် နာမည်ဆင်တူယိုးမှား၊ လူပုဂ္ဂိုလ် ဆင်တူယိုးမှားရှိနိုင်တာကို သတိပြုဖို့ လိုပါမယ်။ သုတေသန ပြလုပ်ထားတဲ့ လေ့လာမှုထဲကနေ စစ်တပ်လော်ဘီတွေ လူမှုမီဒီယာသုံးတဲ့ အပြုအမူ (Behavior) က တစ်ဆင့် ဖော်ထုတ်နိုင်တဲ့ ကွင်းဆက်၊ Telegram Channel ကိုင်တွယ်ထိန်းချုပ်သူ(Admin) တွေရဲ့ နာမည်ဝှက်တွေက တစ်ဆင့် ဖော်ထုတ်ရရှိတဲ့ Channel အချင်းချင်းဆက်သွယ်မှု ကွင်းဆက် နဲ့ လော်ဘီတွေရဲ့ ဝါဒဖြန့်ချိရေးဗျူဟာ(Tactics) တွေက တစ်ဆင့်ဖော်ထုတ်နိုင်တဲ့ ကွင်းဆက် တွေကို ရေးသား ဖော်ပြပေးပါမယ်။

စစ်တပ်လော်ဘီတွေ လူမှုမီဒီယာသုံးတဲ့ အပြုအမူ (Behavior) က တစ်ဆင့် ဖော်ထုတ်နိုင်တဲ့ ကွင်းဆက်

 Han Nyein Oo ဟာ ၂၀၁၉ခုနှစ် ၂၀၂၀ ခုနှစ်တွေမှာ ရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့ အတွင်းသတင်း ကို ဖော်ကောင်လုပ်တဲ့ Celebrity Gossip ပုံစံမျိုးနဲ့ လူမှုမီဒီယာမှာ နာမည်ကြီးလာတာပါ။ ၂၀၂၁ ခုနှစ်ကအစပြုလို့ စစ်တပ်ဘက်ကို ယိမ်းပြီး အာဏာရှင်ဆန့်ကျင်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြောင်းအရာတွေ စတင် ဖြန့်ဝေခဲ့ပါတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပြီး သိပ်မကြာခင်မှာ ဖော်ထုတ်ခဲ့ကြတာလည်း ရှိပါတယ်။ ဒါပေမယ့် သတင်းမီဒီယာတွေက ဖော်ထုတ်တဲ့ပုံစံမျိုးမဟုတ်ဘဲ ပုံမှန်လူမှုမီဒီယာအသုံးပြုသူတွေက ရေးသားထားကြတာ ဖြစ်တဲ့အတွက် အတည်ပြုချက်ယူဖို့ ခက်ခဲပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Han Nyein Oo နဲ့ ပတ်သက်သူတွေ၊ နောက်ကွယ်က ကြိုးကိုင်တယ်လို့သံသယရှိတဲ့သူတွေကို Telegram သုံးတဲ့ အပြုအမူနဲ့ သူ့ရဲ့ Facebook Group Admin တွေက တစ်ဆင့် ခြေရာခံပြီး ဖော်ထုတ်ထားပါတယ်။

Han Nyein Oo Channel ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့(သီတင်းကျွတ်လပြည့်နေ့)မှာ သီတင်းကျွတ်မုန့်ဖိုးတောင်းခံတဲ့ အကြောင်းအရာတစ်ခုကို Kpay QR code တစ်ခုနဲ့ တွဲတင်ခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက စစ်တပ်ဘက်ကသာ ရပ်တည်ခဲ့ဖူးတယ်လို့ ဆိုထားပြီး ဘာထောက်ပံ့ ကြေးမှမယူဘဲ ဝန်းရံခဲ့တယ်လို့ အဲ့ဒီ အကြောင်းအရာထဲမှာ ထည့်ရေးထားပါတယ်။ အဲ့ဒီ Kpay အကောင့်က တစ်ဆင့် သူ့ဆီကို ပိုက်ဆံလွှဲတဲ့သူတွေ ရှိခဲ့တာ လည်း တွေ့ရပါတယ်။

Han Nyein Oo Channel မှ ရရှိထားသည့် Kpay account ပိုင်ရှင်ဆက်စပ်မှု နှင့် ငွေလွှဲအထောက်အထားများ  

 QR code က တစ်ဆင့်လွှဲထားတဲ့ ငွေလွှဲမှတ်တမ်းတွေကို လေ့လာတဲ့အခါ Kpay အကောင့်ပိုင်ရှင်ရဲ့ နာမည်က U Kyaw Swar Myint ဖြစ်နေတာကို စုံစမ်းသိရှိရပါတယ်။ သူ့ပရိတ်သတ်တွေထဲမှာလည်း “ကို KS နဲ့ ဦးဟန်က တျောက် (မူရင်းသတ်ပုံအတိုင်း)တည်းလား” လို့ မေးထားပါသေးတယ်။ KS ဆိုတာက စစ်တပ်လော်ဘီ Kyaw Swar ကို ညွှန်းဆိုတာ လို့ ကောက်ချက်ချနိုင်ပြီးတော့ ဦးဟန်ကတော့ ဟန်ငြိမ်းဦးကို ညွှန်းဆိုခေါ်ဝေါ်တာဖြစ်ပါတယ်။ QR Code ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ထပ်စစ်ကြည့်တဲ့အခါ Kpay ပိုင်ရှင်နာမည်က U Kyaw Swar Myint ပဲ ဖြစ်နေတာ တွေ့ရပြီးတော့ ဖုန်းနံပါတ် ၇၄၂၃ ဂဏန်းနဲ့ ဆုံးတဲ့ Sim card တစ်မျိုးကို ကိုင်ထားတာ ဖြစ်ကြောင်း ဖော်ထုတ် ရရှိပါတယ်။ 

QR Code ကို Scan ဖတ်သည့်အခါ ပေါ်လာသည့် Kpay အကောင့်ပိုင်ရှင်၏ အမည်နှင့် ဖုန်းနံပါတ် နောက်ဆုံးဂဏန်း လေးလုံး 

 စစ်တပ်လော်ဘီ Kyaw Swar နဲ့ Han Nyein Oo ဟာ အကောင့်ခွဲထားသူ မဟုတ်တောင်မှ သူတို့အချင်းချင်း အချိတ်အဆက်ရှိနေကြတာကတော့ တိုက်ရိုက်မျှဝေမှု(Forward) လုပ်တဲ့ အကြောင်းအရာတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ သေချာတာ တစ်ခုကတော့ Han Nyein Oo Channel ကိုင်ထားတဲ့သူဟာ U Kyaw Swar Myint နာမည်နဲ့ Kpay အကောင့် ကို သုံးပြီး ငွေလက်ခံမှု လုပ်ခဲ့တယ် ဆိုတာပါပဲ။

Kyaw Swar Myint ဆိုတဲ့ နာမည်ဟာ လော်ဘီ Kyaw Swar Channel ကိုကိုင်ထားတဲ့သူရဲ့ နာမည် ဖြစ်ကြောင်း အခမ်းအနားတစ်ခုက ဓာတ်ပုံတွေကို တင်ထားတဲ့ သူရဲ့ Telegram Post တစ်ခုက တစ်ဆင့် သိရပါတယ်။ အဲ့ဒီ ဓာတ်ပုံတွေဟာ သေဆုံးစစ်သားတွေကို အလေးပြုအခမ်းအနား လုပ်တဲ့ ဒီဇင်ဘာ ၅ရက် ၂၀၂၁ ခုနှစ် နေပြည်တော် မှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာ ကျော်စွာမြင့်ရဲ့ Selfie ပုံနဲ့ သူတက်ရောက်ကြောင်း လက်မှတ်ထိုးထားတဲ့ ပုံတွေ ပါဝင်ပါတယ်။ အမှတ်တရလက်မှတ်ရေးထိုးထားတဲ့ နေရာမှာ သူ့ရဲ့ နာမည် အပြည့် အစုံကို ကျော်စွာမြင့်လို့ ဖော်ပြ ရေးထိုးထားတာဖြစ်ပါတယ်။ ဒါကြောင့် Han Nyein Oo ယူသုံးခဲ့တဲ့ U Kyaw Swar Myint Kpay အကောင့်ဟာ လော်ဘီ ကျော်စွာမြင့်ပဲ ဖြစ်ကြောင်း ကောက်ချက်ချနို်င်ပါတယ်။


ကျော်စွာ Channel တွင် တင်ထားသည့် အခမ်းအနားတက်ရောက်သည့် မှတ်တမ်း ဓာတ်ပုံ၊ ၎င်း၏ လက်မှတ် နှင့် ကိုယ်ပိုင် နံပတ်  

ပုံမှန်အားဖြင့် ကျော်စွာမြင့်ဆိုသူဟာ သူ့ရဲ့ ဝါဒဖြန့် အကောင့်တွေမှာ ရယ်နေတဲ့ကလေးတစ်ယောက်ရဲ့ မျက်နှာပါတဲ့ပုံကို အသုံးပြုပါတယ်။ Facebook မှာတင်ခဲ့တဲ့ အကြောင်းအရာတချို့မှာတော့ သူ့ရဲ့ စစ်ဝတ်စစ်စားနဲ့ ဓာတ်ပုံတွေကို ဖော်ထုတ်ပြသခဲ့ပါတယ်။ အဲ့ဒီ ဓာတ်ပုံထဲမှာ ပါတဲ့ အဝတ်အစားနဲ့ လက်မောင်းတံဆိပ်တွေ ကို ကြည့် ခြင်းအားဖြင့် ကျော်စွာမြင့်ဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က စစ်မှုထမ်းတစ်ဦး ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။ သူဟာ ဘားအံမြို့မှာနေခဲ့ဖူးပြီး နေပြည်တော်ကိုနောက်ပိုင်းမှာပြောင်းသွားတယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ လက်ရှိမှာတော့ အရပ်သားဝတ်စုံနဲ့ ပုံတွေ တင်လာတဲ့အတွက် တာဝန်ထမ်းဆောင်နေခြင်းရှိမရှိကိုတော့ အတည်ပြုလို့မရပါဘူး။ သေချာတာတစ်ခုကတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးအလိမ်အညာ ယန္တရား အတွက် အားသွန်ခွန်စိုက် တာဝန်ယူနေဆဲ ဖြစ်သလို စစ်ဘက်ဆိုင်ရာ အခမ်းအနားတွေကို တက်ရောက်ခွင့် ရနေ တာ ကြည့်ခြင်းအားဖြင့် စစ်ကောင်စီနဲ့ ပတ်သက်မှု စဉ်ဆက်မပြတ် ရှိနေတာကို သုံးသပ်နိုင်ပါတယ်။ 


ကျော်စွာ Facebook အကောင့်တွင် တင်ခဲ့သည့် ၎င်း၏ စစ်ဝတ်စုံနှင့် ဓာတ်ပုံ 


ကျော်စွာမြင့်၏ စစ်ဝတ်စုံပေါ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အမှတ်တံဆိပ်နှင့် အခြေစိုက်ရာဒေသ အချက်အလက်များ2 


2https://www.globalsecurity.org/military/world/myanmar/army-orbat-1.htm

 Han Nyein Oo Channel နဲ့ ပတ်သက်မှုရှိတဲ့ နောက်ထပ် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦး ရဲ့ ဖြစ်နိုင်ချေတချိုကိုလည်း လေ့လာတွေ့ရှိထားပါတယ်။ Han Nyein Oo ဟာ အန္တရာယ်ဖြစ်ပွားစေတဲ့ အကြောင်းအရာတွေ၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းကိစ္စတွေ နဲ့ သတင်းအမှားတွေ တင်လို့ Facebook ရဲ့ လူမှုစံနှုန်းတွေကို ချိုးဖောက်တဲ့အတွက် မကြာခဏ ဖယ်ရှားခံရပါတယ်။ ဖယ်ရှားခံရတဲ့အခါတိုင်းမှာ နောက်ထပ် အကောင့်အသစ်၊ Page အသစ်၊ Group အသစ်တစ်ခု ပုံစံအမျိုးမျိုးနဲ့ ပြန်ပေါ်လာလေ့ရှိတဲ့အပြင် သူ့ပရိတ်သတ်တွေကိုပါ အသိပေးပြီး လူစုဆောင်းပါတယ်။ 

Han Nyein Oo facebook group ဖွဲ့ထားပြီးဖြစ်ကြောင်း ၎င်း၏ ပရိတ်သတ်များအား Telegram မှတစ်ဆင့် အသိပေးချက် 

 ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ Han Nyein Oo Facebook Group ဖွဲ့ထားပြီးဖြစ်တဲ့အကြောင်း Channel က တစ်ဆင့် အသိပေးခဲ့ပါတယ်။ ဒီ Group ကို သွားရောက်လေ့လာကြည့်တဲ့အခါမှာ Admin ဖြစ်နေတဲ့ သူတွေဟာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ စစ်ကောင်စီ ထောက်ခံသူတွေ၊ အမျိုးသားရေးအစွန်းရောက်တွေဖြစ်ကြောင်း ဖော်ထုတ်ရရှိပါတယ်။ 

Han Nyein Oo ထိန်းချုပ်သည့် Facebook group နှင့် ၎င်း၏ Admin များ 

 Group ထောင်ပြီး မိနစ်ပိုင်းအတွင်းမှာ ပဲ Admin အဖြစ်တာဝန်ယူခဲ့တဲ့ အကောင့် သုံးခု ရှိခဲ့ပါတယ်။ အဲ့ဒီ အကောင့်တွေကတော့ Ar Kar Chit ၊ Khunn Hsett Han နဲ့ Heart Black တို့ပဲ ဖြစ်ပါတယ်။ ဒီ အကောင့်သုံးခုထဲမှာ Ar Kar Chit နဲ့ Heart Black တို့ဟာ တစ်ဦးတစ်ယောက်တည်းက ကိုင်တွယ် အသုံးပြုတဲ့ အကောင့်တွေ ဖြစ်တယ်ဆိုတာ တွေ့ရပြီးတော့ Khunn Hsett Han ဆိုတဲ့ အကောင့်ကတော့ အကောင့်အတု တစ် ခု ဖြစ်ကြောင်း စုံစမ်းရရှိပါတယ်။ Ar Kar Chit နဲ့ Heart Black အကောင့်တွေကို ကိုင်တွယ်သူဟာ စစ်တပ်ထောက်ခံတဲ့ အကြောင်းအရာတွေနဲ့ NUG ကို တိုက်ခိုက်တဲ့ အကြောင်းအရာတွေ ဖြန့်ဝေပါတယ်။ အဲ့ဒီ အပြင် စစ်ဝတ်စစ်စားနဲ့ ဓာတ်ပုံတွေ၊ စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခုမှာ အရာရှိတွေဆီက ချီးမြှင့်မှုကို လက်ခံယူနေတဲ့ ပုံတွေ တင်ထားပါတယ်။ Comment ပေးတဲ့ သူတွေထဲမှာလည်း အဆင့်မြင့် ရာထူးရလို့ ဂုဏ်ပြု ကြောင်း ပြောဆို နေတာတွေ တွေ့ရပါတယ်။ 


Ar Kar Chit (ခ) Heart Black ၏ Facebook တွင် တင်ထားသည့်စစ်ဝတ်စုံနှင့် ဓာတ်ပုံများ 

 Han Nyein Oo Facebook group မှာ Admin နေရာ ယူခဲ့တဲ့ Ar Kar Chit(ခ) Heart Black ဟာ စစ်တက္ကသိုလ် ကျောင်းဆင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ လက်ရှိမှာ CDM မလုပ်ထားဘဲ စစ်ကောင်စီက ပေးတဲ့ တာဝန်တွေကို ထမ်းဆောင်နေဆဲဆိုတဲ့ အထောက်အထားတွေတွေ့ခဲ့ပါတယ်။ စစ်တက္ကသိုလ် ကျောင်းဆင်းဆိုတဲ့ အဆိုပြုချက်ကို သေချာစေတဲ့ အကြောင်းအရာတစ်ခုက တော့ စစ်တက္ကသိုလ် အပတ်စဉ် ၅၉ရဲ့ ၇နှစ်မြောက် နှစ်ပတ်လည်ကို “Intake မွေးနေ့” လို့ သုံးနှုန်းပြီး သူ့ Facebook မှာ ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာ ၂၁ရက်တုန်းက ဂုဏ်ပြုကြိုဆိုတဲ့ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။


စစ်ကောင်စီက ဖွင့်လှစ်သည့် DSA အပတ်စဉ် ၅၉ ၏ ၇နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဂုဏ်ပြုထားသည့် စာနှင့် ရုပ်ပုံ 

အပေါ်က မှတ်တမ်းတွေကိုလေ့လာပြီးတဲ့နောက် Han Nyein Oo ရဲ့ နောက်ကွယ်မှာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တွေပါဝင်တယ်ဆိုတဲ့ အဆိုကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားမှု ထောက်ခံသူတွေကိုလည်း Han Nyein Oo Facebook Group မှာ Admin နဲ့ Moderator နေရာအတွက် တာဝန်ပေးခဲ့ပါသေးတယ်။ ဖြည့်စွက်သုံးသပ်ချက်အနေနဲ့ ပြောရရင် Han Nyein Oo ကြိုးကိုင်သူအနေနဲ့ စစ်ကောင်စီကို မျက်နှာလို မျက်နှာရ လုပ်ဖို့အတွက် စစ်တပ် ထဲက လူနဲ့ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူတွေကို လူမိုက်ငှား အားကိုးရှာတာ လည်း ဖြစ်နိုင်ပါတယ်။


Group စတင်ဖွဲ့စည်းရာတွေင် Admin သုံးယောက် ရှိရာမှ မိနစ်ပိုင်းအတွင်း အခြား Admin နှင့် Moderator များကို ထပ်ခန့်လိုက်သည့် အထောက်အထား 

 Facebook ပေါ်မှာ ပြန်ပြီး ခြေကုပ်ယူဖို့ ဖွဲ့စည်းခဲ့တဲ့ Han Neyin Oo Group ဟာ တည်ထောင်ပြီး ရက်ပိုင်း အတွင်းမှာ ပဲ ဖယ်ရှားတာကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ပုံစံအမျိုးမျိုးနဲ့ Facebook ပေါ်မှာ ပြန်နေရာယူဖို့ အားသွန်ခွန်စိုက် ကြိုးစားနေဆဲဆိုတာကို Han Nyein Oo Telegram Channel က နေ ဒီနေ့အထိ တွေ့နေရဆဲ ဖြစ်ပါတယ်။

Telegram Channel ကိုင်တွယ်ထိန်းချုပ်သူ(Admin) တွေရဲ့ နာမည်ဝှက်တွေက တစ်ဆင့် ဖော်ထုတ်ရရှိတဲ့ Channel အချင်းချင်းဆက်သွယ်မှု ကွင်းဆက်

Telegram Channel ကို အသုံးပြုတဲ့ နေရာမှာ Admin Name ကို ပြထားမလား ဒါမှ မဟုတ် မပြဘဲ ဖျောက်ထားမလားဆိုပြီး ရွေးလို့ ရတဲ့ Setting တစ်ခု ရှိပါတယ်။ တော်လှန်ရေးကာလမှာ Channel တော်တော်များများဟာ လုံခြုံရေးအရ Admin နာမည်တွေ ဖျောက်ပြီး အကြောင်းအရာတွေ မျှဝေလေ့ရှိပါတယ်။ ဒါပေမယ့် စစ်တပ်လော်ဘီတွေကတော့ တချို့Channel မှာ သူတို့ရဲ့ နာမည်တွေ ဖော်ပြပြီး Channel တွေကို ထိန်းချုပ်တာမျိုးတွေ့ရပါတယ်။ အဲ့ဒီလို ဖော်ပြထားတဲ့ Admin နာမည်တွေ့က တစ်ဆင့် Channel တွေမှာ တူညီတဲ့ Admin ရှိသူတွေကို ဖော်ထုတ်ပြီး သူတို့ အချင်းချင်းရဲ့ ဆက်သွယ်မှု ကွင်းဆက်ကို လေ့လာထားပါတယ်။

Myanmar Hard Talk ကို အဓိက ထိန်းချုပ်နေသူဟာ သူ့ကိုယ်သူ အလွတ်တန်း ဓာတ်ပုံသတင်းထောက်လို့ ခံယူထားတဲ့ အောင်မင်းဆိုသူ ဖြစ်ပါတယ်။ အောင်မင်းရဲ့ Myanmar Hard Talk ဟာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဘာသာရေး၊နိုင်ငံရေး၊ လူမျိုးရေး၊ ဆန္ဒမဲကိစ္စ တွေနဲ့ စပ်လျဉ်းပြီး သတင်းအမှားတွေ အန္တရာယ် ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြန့်ဝေခဲ့တာကြောင့် Facebook နဲ့ Youtube တို့က ဖယ်ရှားခဲ့သလို သတင်းမီဒီယာတွေကလည်း ဒီကိစ္စကို ဖော်ထုတ်ရေးသားခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ရပ်တန့်မသွားဘဲ Facebook နဲ့ Youtube အပေါ်မှာ အကြိမ်ကြိမ် ပြန်ရပ်တည်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ အဲ့ဒီအပြင် လူမှုစံနှုန်းတင်းကျပ်မှု လျော့နည်းတဲ့ Telegram, Vk နဲ့ ဗွီဒီယိုမျှဝေတဲ့ လူမှုမီဒီယာတစ်ခုဖြစ်တဲ့ Vimeo တို့လို နေရာတွေမှာ ကျင်လည်ကျက်စားပြီး အန္တရာယ်ရှိတဲ့ အကြောင်းအရာ တွေ ဖြန့်ဝေနေတုန်းပါပဲ။ လက်ရှိမှာတော့ အောင်မင်းဟာ စစ်ကောင်စီထိန်းချုပ် မြ၀တီ(MWD) က လုပ်တဲ့ ဝါဒဖြန့်ချိရေးစကား ၀ိုင်းတွေမှာ စစ်ကောင်စီအလိုကျ စကားတွေ ပြောဆိုပေးနေရပါတယ်။

3


၎င်းကိုယ်တိုင်ထိန်းချုပ်ထားသည့် မီဒီယာအယောင်ဆောင် Myanmar Hard Talk channel နှင့် စစ်ကောင်စီထိန်းချုပ် မြ၀တီ Channel တို့တွင် အောင်မင်းအား တွေ့ရစဉ် 

 Myanmar Hard Talk Telegram Channel ကို စတင် တည်ထောင်တဲ့ ကာလကတော့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက် ဖြစ်ပါတယ်။ တည်ထောင်ပြီး ရက်ပိုင်းအတွင်းမှာ ပဲ Myanmar Hard Talk ဟာ Admin နာမည်ပေါ်ပေါက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Admin နာမည်ကို ပြန်ဖျောက်ပြီး အကြောင်းအရာတွေ ဖြန့်ဝေတာမျိုးလုပ်ပါတယ်။ 


3https://archive.ph/W8h3L 
4https://archive.ph/JG6kZ 

Admin နာမည်ဟာ Oakker Aung လို့ အမည်ရပြီး အောင်မင်းရဲ့ တခြားအမည် ဒါမှ မဟုတ် အောင်မင်းမဟုတ် တဲ့ တခြား လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ Oakker Aung ဆိုတဲ့ နာမည်ကို ခြေရာခံကြည့်တဲ့အခါမှာတော့ Han Nyein Oo Channel ထဲက အကြောင်းအရာတစ်ခုဆီကို ရောက်ရှိခဲ့ပါတယ်။

Han Nyein Oo Channel ကို Oakker Aung က Admin  အဖြစ်တာဝန်ယူပြီး ကိုင်တွယ်ခဲ့သည့် အထောက်အထား

အဲ့ဒီ အကြောင်းအရာရဲ့ အောက်ခြေ Admin နာမည် ပေါ်တဲ့ နေရာမှာလည်း Myanmar Hard Talk က Admin နာမည်နဲ့ တစ်ထပ်တည်း ကျနေတဲ့ Oakker Aung ဆိုတဲ့ နာမည်ပဲ ပေါ်နေတာတွေ့ရပါတယ်။ ဒါကြောင့် Myanmar Hard Talk Channel နဲ့ Han Nyein Oo Channel တို့ဟာ အချိတ်အဆက်ရှိနေရုံတင်မကဘဲ ဘုံတူတဲ့ Admin တစ်ယောက် ရှိခဲ့ဖူးတယ် ဆိုတာ သက်သေပြနိုင်ပါတယ်။ အလားတူ Han Nyein Oo ရဲ့ ဆင့်ပွားChannel တစ်ခုဖြစ်တဲ့ True News for Myanmar ဆိုတဲ့ လော်ဘီChannel မှာလည်း Oakker Aung ဆိုတဲ့ နာမည်နဲ့ Telegram Account ဟာ Admin အဖြစ် တာဝန်ယူခဲ့ပါသေးတယ် ။


True News For Myanmar လော်ဘီ Channel  တွင် Oakker Aung က Admin တာဝန်ယူပြီး အကြောင်းအရာ တင်ခဲ့ သည့် အထောက်အထား 

 True News for Myanmar ဆိုတဲ့ လော်ဘီ Channel ကို Han Nyein Oo ရဲ့ ဆင့်ပွားChannel အဖြစ်နဲ့ စတည်ထောင်ခဲ့တာ ဖြစ်ပြီးတော့ Admin ပေါင်း များစွာ ဝင်ရောက်ထိန်းချုပ်တာကို တွေ့ရပါတယ်။ အဲ့ဒီ Admin တွေ ထဲက မှ တချို့ Admin တွေဟာ ကိုယ်ပိုင် Channel ထောင်ပြီး တခြားဘက်တွေမှာလည်း ဝါဒဖြန့် ချိရေး တွင်တွင် ကျယ်ကျယ်လုပ်နေတာ တွေ့ရပါတယ်။ Myanmar Hard Talk ရဲ့ Admin Oakker Aung အပြင် တခြားသတိထားစရာ Admin တစ်ယောက်ကတော့ လော်ဘီအသိုင်းအ ၀ိုင်းမှာ ရေပန်းစား Channel တွေဖြစ်တဲ့ Captain Ko Thet၊ Ba Nyunt နဲ့ 97 Media တို့ကို ပူး တွဲ ကိုင်တွယ်သူ ဖြစ်ပါတယ်။ သူ့ကို Ko Thet (သို့မဟုတ်) လို့ လူသိများကြပြီးတော့ Han Nyein Oo ဆင့် ပွားChannel ဖြစ်တဲ့ True News for Myanmar ကို ကိုင်တွယ်တဲ့ အထဲမှာ သူလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။ Admin နာမည် တွေကတော့ Ko Thet ဒါမှ မဟုတ် YE KO KO ဆိုတဲ့ နာမည်တွေဖြစ်ပါတယ်။

True News For Myanmar ကို Ko Thet ဆိုသည့် Admin ကိုင်တွယ်ခဲ့သည့် အထောက်အထား၊ ၎င်း ပူးတွဲ ထိန်းချုပ်နေသည့် အခြား Channel များ 

ကိုသက်ဆိုသူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို Han Nyein Oo Channel က တင်ခဲ့တဲ့ ဗွီဒီယို တစ်ခုကနေ ဖော်ထုတ်ရရှိခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ ဗိုလ်မှူး ကိုသက်ဆိုသူ က ကျိုက်ထီးဆောင်းဆရာတော်ကို လျှောက်တင်ချက် ပေးနေတာ ဖြစ်ပြီးတော့ သူ့ရဲ့ စစ်ဝတ်စုံကတစ်ဆင့် ဗိုလ်မှူး ရာထူးရှိသူဖြစ်ကြောင်းနဲ့ သထုံမြို့ နယ်အခြေစိုက် မြန်မာစစ်တပ် အမှတ် (၄၄) ခြေမြန်တပ်မ မှာ တာဝန်ထမ်းဆောင်နေတဲ့သူ ဖြစ်ကြောင်း ကောက်ချက်ချလို့ရပါတယ်။ ဒီကောက်ချက်ချမှုဟာ လော်ဘီတွေဖြန့်ဝေတဲ့ ဗွီဒီယိုတစ်ခုတည်းကို သာ မှီခို ကောက်ချက် ချထားဖြစ်ပြီးတော့ သီးခြားအတည်ပြုချက်တော့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။ နောက်ဆက်တွဲ သုံးသပ်မှု အနေနဲ့ကတော့ လော်ဘီChannel တွေဟာ စစ်အုပ်စုက ရာထူးကြီးသူတစ်ယောက်ကို တမင်အကာအကွယ်ယူတဲ့အနေနဲ့ ကိုသက် ဆိုသူဟာ ဒီပုဂ္ဂိုလ်ဖြစ်ကြောင်း ၊ ဒီလောက် ရာထူးကြီးကြောင်း လက်ရှိမှာလည်း Captain Ko Thet ဆိုတဲ့ Telegram Channel ကို ကိုင်တွယ်နေကြောင်း ခြိမ်းခြောက်တဲ့အနေနဲ့ ဖော်ပြတာလည်း ဖြစ်နိုင်ပါတယ်။

ကိုသက်မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ၎င်းထိန်းချုပ်ရာ Channel အား Han Nyein Oo က ကြော်ငြာပေးထားသည့် အထောက်အထား 


Han Nyein Oo ညွှန်းဆိုထားသည့် ကိုသက်၏ Channel 

စစ်ကောင်စီ လော်ဘီတွေဟာ Facebook မှာ အကောင့်အတု တွေ၊ အကောင့်ပွားတွေ ဖွင့်ပြီး ပြဿနာ ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ အလုံးအရင်းနဲ့ ဖြန့်လေ့ရှိတယ်ဆိုတဲ့ သတင်းစကားတွေ မကြာခဏ ကြားဖူးကြမှာပါ။ လက်ရှိ သက်သေပြ ကောက်ချက်ဆွဲလို့ ရတဲ့ အချက်အလက်တွေအရ လော်ဘီတွေရဲ့ ကွန်ရက်ထဲမှာ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် သုံးဦးအထိ ပါဝင်နေတာ ကို တွေ့ရမှာ ဖြစ်သလို လော်ဘီတွေနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်တို့ရဲ့ အပေးအယူ တွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းတဲ့ကာလကတည်းက စစ်တိုင်းမှူးတွေဦးဆောင်ပြီးတော့ နေ့စဉ် ဝါဒဖြန့်စေခဲ့တယ်ဆိုတာရယ်၊ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်တစ်ခုမှာ သတင်းအမှားနဲ့ ဝါဒဖြန့်သတင်းတွေ တင်ဖို့ အနည်းဆုံး Facebook Page သုံးခု ဖွင့်ခိုင်းထားတယ်ဆိုတာရယ် ကို CDM အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးဇင်ယော်က Myanmar Now နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ဖူးပါတယ်။ အဲ့ဒီ အတိုင်းပဲ Telegram Channel မှာလည်း စစ်တပ်လော်ဘီတွေဟာ Channel အပွားတွေ အခွဲ တွေ တစ်ခုထက်ပို ဖွင့်လှစ်ပြီးတော့ ဝါဒဖြန့်ချိရေးကို ပုန်းလျှိုးကွယ်လျှိုးနဲ့ အချင်းချင်းချိတ်ဆက် ပြုလုပ်နေကြပါတယ်။

နောက်ထပ် လေ့လာမှုကတော့ Thazin Oo ဆိုတဲ့ စစ်တပ်လော်ဘီ Channel က Admin တွေ ချိတ်ဆက်နေမှုအကြောင်းပဲ ဖြစ်ပါတယ်။ Thazin Oo ဆိုသူဟာ Myanmar Hard Talk ရဲ့ ဝါဒဖြန့်ဗွီဒီယိုတွေ၊ စစ်တပ်ပိုင်ရုပ်သံ ရဲ့ ဝါဒဖြန့်အစီအစဉ်တွေမှာ ပါဝင်နေသူ တစ်ဦးပါ။ အဲ့ဒီ အပြင်၂၀၂၀ခုနှစ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ရဲ့ ပါတီလူငယ်အဖြစ် တာဝန်ယူခဲ့ပါသေးတယ်။5


5 https://www.facebook.com/usdp.farmers/videos/silent-day/2822945607940668/

စစ်ကောင်စီပိုင် Myawaddy(MWD)ရုပ်သံမှာ ပါဝင်နေပါတယ်ဆိုပြီး Thazin Oo ကိုယ်တိုင်ဖွင့်ဟဝန်ခံထားမှု 

Thazin Oo ရဲ့ Telegram Channel ကို ဝိုင်းထိန်းချုပ်နေတဲ့ Admin တွေကတော့ Thae Nu Seesar, Thanyawzin Kaunglay,Thanyawzin, Kyaw Swar, Ki Ta Wa, HNO တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ Admin တွေထဲကမှ Kyaw Swar နဲ့ HNO လို့ အတိုကောက်ရေးထားတဲ့ ဟန်ငြိမ်းဦးတို့ဟာ စစ်တပ်လော်ဘီအသိုင်းအ၀ိုင်းမှာ တကယ့် ဒိတ်ဒိတ်ကြဲ ဝါဒဖြန့်အလိမ်အညာChannel တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်ပါတယ်။


Thanzin Oo Channel ကို ထိန်းချုပ်ထားသည့် Admin HNO သို့မဟုတ် Han Nyein Oo 

Thazin Oo Channel ကို ထိန်းချုပ်ထားသည့် နာမည်ကြီးလော်ဘီ Kyaw Swar(သို့) ကျော်စွာမြင့် 

စစ်ကောင်စီရဲ့ လက်နက်ကိုင်တစ်ဦး ဖြစ်ခဲ့ဖူးသူ ကျော်စွာမြင့်ဟာ လူမှုစံနှုန်းတင်းကျပ်မှု လျော့ရဲတဲ့ Telegram ကို နယ်ချဲ့လာပြီး Kyaw Swar နဲ့ Kyaw Swar အမိမြေဆိုတဲ့ Channel တွေကို ထောင်ပြီး ထင်တိုင်းဆက်ကြဲနေတာ ဖြစ်သလို Facebook ပေါ်ကိုလည်း ရရင် ရသလို ပြန်သွားဖို့ ကြိုးစားလျက်ရှိနေပါတယ်။ Han Nyein Oo လည်း ထိုနည်းလည်းကောင်း ကြိုးပမ်းလေ့ရှိပါတယ်။ ပုံပါ Facebook အကောင့်က တော့ Facebook ပေါ်မှာ ပြန်ခြေချဖို့ ကြိုးစားတဲ့ Kyaw Swar ရဲ့ အကောင့် တစ်ခုဖြစ်ပြီး အဲ့ဒီအကောင့်ကိုဖွင့်ခဲ့တာ နာရီပိုင်းလောက်ပဲ ရှိသေးတယ်ဆိုတာ တွေ့ရပါတယ်။ သူ့ဖွင့် ပြီး နာရီပိုင်းအကြာမှာ ပဲ သူ့ရဲ့ Friend List မှာ Han Nyein Oo နဲ့ Thazin Oo တို့ ပါဝင်ခဲ့ပါတယ်။ ဒီပုံထဲမှာ တွေ့ရတဲ့ Paing Soe Oo ဆိုတာက Han Nyein Oo ရဲ့ ဆင့်ပွားအကောင့်တစ်ခုပဲ ဖြစ်ပါတယ်။

Friend List ၏ အစောဆုံး Friend ဖြစ်မှုတွင် တွေ့ရသည့် Thazin Oo နှင့် Kyaw Swar တို့၏ Facebook အကောင့်များ  

အပြန်အလှန်အားဖြင့် Thazin Oo အကောင့်ရဲ့ Friend List မှာလည်း ပထမဦးဆုံး Friend က ကျော်စွာဖြစ်ခဲ့ပါတယ်။ Kyaw Swar ဟာ Facebook မှာရှိတဲ့ Thazin Oo ရဲ့ Page ကို လည်း ပံ့ပိုးရေးသားမှုပြုလုပ်ပေးခဲ့ဖူးပါတယ်။ ဒီ ကွင်းဆက်အပြင် Thazin Oo ကလည်း Kyaw Swar ပါဝင်ရေးသားနေတဲ့ Myanmar Guardian News Journal လို့ အမည်ခံထားတဲ့ ဝါဒဖြန့်ချိရေးအလိမ်အညာစာစောင် ကို သူ့ Telegram ကတစ်ဆင့် ကြော်ငြာပေးခဲ့ဖူးပါတယ်။

Kyaw Swarနှင့် Thazin Oo တို့ အပြန်အလှန် ပံ့ပိုးကူညီနေသည့် အထောက်အထား 

လော်ဘီတွေရဲ့ ဝါဒဖြန့်ချိရေးဗျူဟာ တွေက တစ်ဆင့်ဖော်ထုတ်နိုင်တဲ့ ကွင်းဆက်

ဝါဒဖြန့်ချိရေးဗျူဟာ(Tactics) ဆိုတာက တော့ အလေ့အထ တစ်ခု အနေနဲ့ လုပ်တာ ရော အချိန်နဲ့ တပြေးညီ အစုအဖွဲ့အလိုက်ဖြစ်စေ၊ တစ်ဦးက ဖြစ်စေ အကွက်ကျ လှုပ်ရှားမှုကိုရော ဆိုလိုပါတယ်။ဒီလို လှုပ်ရှားမှုတွေထဲမှာမှ တပ်ကြပ်ကြီးဖိုးစီ ဆိုတဲ့ လော်ဘီChannel က အကြောင်းအရာတွေကို အချိန်နဲ့ တစ်ပြေးညီ ပြန်ဖြန့်ဝေနေတဲ့ Telegram Account တစ်ခုကို ဖော်ပြပါမယ်။

တပ်ကြပ်ကြီးဖိုးစည် Channel ဟာ နှစ်ပေါင်းများစွာ စစ်တပ်ကို ထောက်ခံတဲ့ အကြောင်းအရာ နဲ့ ဒီမိုကရေစီ အင်အားစုတွေကို တိုက်ခိုက်တဲ့ အရေးအသားတွေ ဖြန့်ဝေခဲ့ပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ပြလေ့မရှိဘဲ ရုပ်ရှင်သရုပ်ဆောင် မင်းသားကျော်ဟိန်းဓာတ်ပုံကို Profile ဓာတ်ပုံအဖြစ် တင်လေ့ရှိပါတယ်။ Telegram မှာလည်း စစ်တပ်ထဲက ရတဲ့ အတွင်းသတင်းလိုလို စစ်သားလိုလိုပုံစံဖမ်းပြီး အန္တရယ်ရှိတဲ့ အကြောင်းအရာနဲ့ အာဏာရှင်ဆန့်ကျင်သူတွေကို တိုက်ခိုက်တဲ့ အကြောင်းအရာတွေ ၊ သတင်းအမှားတွေ ဆက်တိုက်တင်ပါတယ်။ ဒီ အကြောင်းအရာတွေကို ထပ်ဆင့်ဖြန့်ဝေနေတာက တော့ စစ်ကောင်စီထောက်ခံသူတွေနဲ့ လော်ဘီChannel တွေပါ။ အဲ့ဒီ အထဲကမှ Kyaw MIn Hein နာမည်နဲ့ Telegram အကောင့်ဟာ ဖိုးစည်တင်သမျှအကြောင်းအရာတွေကို ဒိုင်ခံဖြန့်ဝေနေတဲ့ အတွက် သူ့ရဲ့ အကောင့်ကို ခြေရာခံကြည့်ခဲ့ပါတယ်။ သူ့ ရဲ့ Username ကို @sgtphoesi101 လို့ ပေးထားတာဖြစ်ပြီးတော့ တပ်ကြပ်ကြီးဖိုးစည် Channel ရဲ့ Link မှာလည်း sgtphoesi လို့ ပေးထားတဲ့ အတွက် တူညီနေတာ တွေ့ရပါတယ်။

တပ်ကြပ်ကြီးဖိုးစည် Channel Link အတိုကောက်နှင့် Kyaw MIn Hein အကောင့် Username တို့ ချိတ်ဆက်နေမှု   

ဒီ့အပြင် တပ်ကြပ် ကြီးဖိုးစည် Channel က တင်သမျှကို တစ်မိနစ်အတွင်း၊ စက္ကန့်ပိုင်းအတွင်း ဒါမှမဟုတ် တစ်ချိန်တည်းမှာ ဖြန့်ဝေမှု ပြုလုပ်တာကို သံသယရှိဖွယ်မြင်ရပါတယ်။ ဒီအထောက်အထားတွေကြောင့် Kyaw MIn Hein ဆိုတဲ့ Telegram အကောင့်ပိုင်ရှင်ဟာ တပ်ကြပ်ကြီးဖိုးစည် Telegram Channel တွေကို ထိန်းချုပ်ထားသူ ဒါမှ မဟုတ် တစ်နည်းနည်းနဲ့ ပတ်သက် ဆက်နွယ်မှု ရှိသူဆိုတာ ကောက်ချက်ချလို့ရပါတယ်။

တပ်ကြပ်ကြီးဖိုးစည် Channel မှ အကြောင်းအရာကို Kyaw MIn Hein အကောင့်က တစ်မိနစ်ခြားပြီးပြန်မျှဝေခဲ့သည့် အထောက်အထား  

Kyaw MIn Hein အဓိက ကျင်လည် ကျက်စားတဲ့ Telegram Group က တော့ Han Nyein Oo telegram Channel က ဖွဲ့ပေးထားတဲ့ H.N.O ဆိုတဲ့ Group ပဲ ဖြစ်ပါတယ်။ အဲ့ဒီ Group ထဲမှာဆိုရင် Kyaw MIn Hein ဆီက ဖြန့်ဝေထားတဲ့ အကြောင်းအရာ စုစုပေါင်း ၂၂၅၅ ခု အထိ ရှိကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ရက် အထိ စုဆောင်းထားတဲ့ အချက်အလက် အရ ဖော်ထုတ်ရရှိပါတယ်။ ဒီ အကြောင်းအရာ ၂ ထောင်ကျော်ထဲက အများစုဟာ တပ်ကြပ်ကြီးဖိုးစည် Channel က တင်တဲ့ဟာတွေကို တိုက်ရိုက်ပြန်လည်မျှဝေမှု(Forward)လုပ်ထားတာတွေဖြစ် ကြောင်းတွေ့ရပါတယ်။ 

` ဖိုးစည် Channel တစ်ခုတည်းတင်မကဘဲ Telegram မှာရှိတဲ့ စစ်တပ်လော်ဘီ တွေဟာ Channel တစ်ခုကတင်တဲ့ အကြောင်းအရာတွေကို ပြန့်နှံ့မှု ပိုများဖို့၊ အချိန်တိုအတွင်း မြန်မြန်ပျံ့နှံ့စေဖို့ အကွက်ကျကျ ချိတ်ဆက် ဖြန့်ဝေကြတာမျိုးတွေ ရှိပါတယ်။ ဒီလို ဖြန့်ဝေမှုတွေမှာ တိုက်ရိုက်ပြန်လည်ဝေမျှမှု(Forward)လုပ်တဲ့ အကြိမ်အရေအတွက်၊ ဖြန့်ဝေချိန် တို့ဟာ သတိထားလေ့လာစရာဖြစ်ပြီးတော့ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်းချက်ခြင်းပြန်ဖြန့်ဝေတဲ့ အကြောင်းအရာတွေ လည်း အများကြီး ရှိနေပါတယ်။ ဒီလိုဖြန့်ဝေနိုင်တာဟာ စစ်တပ်လော်ဘီအချင်းချင်း အပြင်မှာ သိကျွမ်းနေမှု၊ ဆောင်းပါးရဲ့ အစမှာဖော်ပြထားသလို Admin တွေ အချင်းချင်း ချိတ်ဆက်နေမှု တွေ ကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ ဒီအပြင် စစ်တပ်နဲ့ အစွန်းရောက်အမျိုးသားရေးသမား ပရိတ်သတ်ကိုတွေစည်းရုံးသိမ်းသွင်းနိုင်ဖို့ အတွက် စစ်ကောင်စီအလိုကျ အကြောင်းအရာ တွေ ရေးသားဖြန့်ဝေရုံတင်မကဘဲ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အသုံး ပြုနေတယ်ဆိုတာ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စစ်ကောင်စီ အတွက်လည်း သူတို့မျှော်မှန်းထားတဲ့အတိုင်းဝါဒဖြန့်နိုင်သလို လော်ဘီတွေဘက်မှာလည်း အကာအကွယ် သို့မဟုတ် အားကိုးအားထားပြုစရာ ရစေပါတယ်။

စစ်ကောင်စီလော်ဘီတွေဟာ သူတို့ကိုယ်သူတို့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဖြန့်ဝေသူတွေ၊ မီဒီယာတွေ၊ နိုင်ငံအတွက် ပိုက်ဆံတစ်ပြားမှ မယူဘဲ စေတနာနဲ့လုပ်ပေးနေတာပါလို့ အမြဲပြောလေ့ရှိပေမယ့် စစ်တပ်ကို မျက်နှာချိုသွေးပြီး သူတို့ လုံခြုံရေးနဲ့ အကျိုးစီးပွားတွေ အပြင် အာဏာရှင်ဆန့်ကျင်တဲ့တော်လှန်ရေး အောင်မြင်ခဲ့ရင် စစ်တပ်နဲ့ပတ်သက်တဲ့သူတွေ မျက်နှာသာရမှာ မဟုတ်ဘူးဆိုတာ နားလည်ထားတာကြောင့် ဝါဒဖြန့်ချိရေးကို အူလျားဖားလျားလုပ်ကိုင်ပေးနေရတာ ဖြစ်ပါတယ်။ ဒီ Channel တွေဟာ သာမန်သတင်းအမှားဖြန့်ဖို့ ဝါဒဖြန့်ဖို့ လုပ်ဆောင်ရုံတင်မဟုတ်ဘဲ စနစ်တကျနဲ့ ဝါဒဖြန့်ချိရေးစစ်ပွဲဆင်နွှဲနေခြင်း လည်း ဖြစ်ပါတယ်။ အဲဒီအပြင် မြေပြင်မှာ တကယ် အန္တရာယ်ကျရောက်စေနိုင်တဲ့ အကြောင်းအရာတွေကို သုံးပြီးလှုံ့ဆော်တဲ့ပုံစံတွေ ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းမှာ ပြုလုပ်ခဲ့ပါသေးတယ်။ Telegram မှာ သတင်းဖတ်ရှုသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ဒီလို ဝါဒဖြန့်ချိရေး Channel တွေရဲ့ အကြောင်းအရာတွေကို သတိထား ရှောင်ရှား ဖို့ လိုပြီးတော့ သူတို့ရဲ့ နောက်ကွယ်မှာရှိတဲ့ ချိတ်ဆက်မှုတွေ၊ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ပါဝင်နေမှုတွေကို အမြဲသတိပြုဖို့လိုပါလိမ့်မယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required