ကချင်စစ်ရှောင် ဒုက္ခသည်တို့ရဲ့အသံများ

ကချင်စစ်ရှောင် ဒုက္ခသည်တို့ရဲ့အသံများ
 မလိဆက်ယန်ရွာက အသက် ၄ဝ အရွယ် ဒေါ်လတောင်ခွန်ရာ။ (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

နိုင်ငံရေး၊ စစ်ရေး၊ တိုင်းရင်းသားခေါင်းဆောင်များ နေပြည်တော်ငြိမ်းချမ်းရေး ညီလာခံ တက်နေချိန်မှာ စစ်ကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရတဲ့ ကချင်စစ်ရှောင် ဒုက္ခသည်များက သူတို့ရဲ့ မျှော်လင့်ချက်များ၊ စိုးရိမ်မှုများကို ပြောပြထားပါတယ်။

မြစ်ကြီးနား (Myanmar Now) ။          ။ ၂ဝ၁၁ဇွန်လ မြန်မာ့တပ်မတော်နဲ့ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့ကြားတိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်လာချိန်ကတည်းက နိုင်ငံမြောက်ပိုင်းက လူဦးရေတစ်သိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ ပြီး ဒုက္ခသည်စခန်းများမှာ ယခုအချိန်အထိ နေထိုင်နေရဆဲ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ပြီး ၁၇ နှစ်အကြာမှာ စတင်လာတဲ့ တိုက်ပွဲတွေက ယနေ့ တိုင် ဖြစ်ပေါ်နေတဲ့အတွက် ဒုက္ခသည်တွေဟာ တက်သုတ်ရိုက် ဆောက်ထားတဲ့၊ ကျပ်တည်းပြီး ရာသီဥတုဒဏ်ကို ခံနိုင်ရုံမျှသာရှိတဲ့ စခန်းအသီးသီးမှာ နှစ်ရှည်လများ အချိန်ကုန်နေရပါတယ်။

အလုပ်အကိုင်ကရှားပါး၊ ထောက်ပံ့မှုများကလည်း လျော့ပါးလာပြီး အနာဂတ်ကမရေမရာ ဖြစ်လာပါတယ်။  မြစ်ကြီးနားရောက် ကချင်စစ်ရှောင် ဒုက္ခသည်များကို Myanmar Now က ဇန်နဝါရီလဆန်းပိုင်းမှာ တွေ့ဆုံမေးမြန်းထားတာတွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဒေါ်ဂါးခွန်ရာ၊ ၄ဝ နှစ် သာလွန်ကြီးရွာ

ငယ်ငယ်တုန်းကလည်း ထွက်ပြေးဖူးတယ်၊ ၁၉၈၇ မှာ၊ အသက် ၁၂ နှစ်လောက်ပဲ ရှိသေး တယ်။ ဒါကြောင့် စစ်အကြောင်းတွေ၊ နိုင်ငံရေးတွေကို အရမ်းစိတ်နာတယ်။ အခုလက်ရှိ အစိုးရက ပြည်သူ လူထုကို မချစ်ဘူး။ မျှော်လင့်တာက အစိုးရအသစ်ကို မျှော်လင့်နေတာပေါ့၊ စစ်ပြေးတွေရော၊ အားလုံးရော၊ လူမျိုးဘာသာမခွဲခြားဘဲ အကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် တည်ထောင်ပေးမယ် လို့မျှော်လင့်တယ်။ ရွာက ပြန်မယ်ဆို ပြန်လို့ရတယ်၊ ဒါပေမဲ့ အခုက ချင်တွေနဲ့ ရှမ်းတွေကို ခွဲခြားထားတယ်။

ပြည်သူ့စစ်တွေ ရှိတယ်။ ကချင်တွေကို KIA လို့ ထင်ကြတယ်။ အဲဒါကြောင့် အသက် ငယ်ငယ်ရွယ်ရွယ်ဆို ပြန်လို့မရဘူး။ ပြီးတော့ ပြန်ရင် ဧည့်စာရင်းတိုင်ခိုင်းတယ်၊ ကိုယ့်ရွာကိုယ် ပြန်တာ တောင်၊ တစ်ခေါက်ပြန်တော အဲဒီလိုပြောတယ်။ ကျွန်မက သားသမီး ၆ ယောက်ရှိတယ်၊ အားကိုးမဲ့သူ ဘယ်သူမှ မရှိဘူး။ ယောကျာ်းက စခန်းရောက်ပြီးမှ ၃ နှစ်လောက်က ဆုံးသွားတယ်။ ရွှေသွားတူးရာ ကနေ ရေထဲမျှောသွားတာ။ ဒီမှာနေရတာက ကျဉ်းတယ်။ စိတ်လွတ်လွတ်လပ်လပ်လည်း နေလို့မရ ဘူး၊ လုပ်ကိုင်စားဖို့နေရာလည်း မရှိဘူး။ ဘဝမဲ့သူလိုပဲ၊ ဒီမှာ မနေချင်တော့ဘူး။ အစိုးရသစ်ကို စစ်ပြေး တွေအတွက် မြန်မြန်ငြိမ်းချမ်းရေးရဖို့၊  ပြန်လည်တည်ထောင်ပေးဖို့ အမြန်လုပ်ဆောင်ပေးဖို့၊ လက်ရှိ အစိုးရကိုလည်း အာဏာ မြန်မြန်လွဲပေးပါလို့၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း မမေ့ပါနဲ့ဦးလို့၊ ဆက်ပြီး ပံ့ပိုးပေးပါဦးလို့ တောင်းဆိုချင်တယ်။

ဒေါ်မယန်ရွေးလွန်း၊ ၇၄နှစ်၊ နန့်ဆန်ယမ်ရွာ

ရွာထဲမှာ စနေနေ့မှာ သေနတ်တွေပစ်ထဲ့လိုက်လို့ လန့်ပြီးတော့ တနင်္ဂနွေမနက် ၁ဝ နာရီ လောက်မှာ ထွက်ပြေးလာတယ်။ အဝတ်အစား၊ ဘာမှမပါဘူး။ အိမ်တော့ အရမ်းပြန်ချင်တယ်။ ဘယ်နေ့ဘယ်ရက် ပြန်ရမလဲတော့ မသိဘူး။ တိုက်ပွဲမဖြစ်တာတော့ တစ်နှစ်လောက်ရှိပြီ၊ ဒါပေမဲ့ မိုင်းတွေ ထောင်ထားတယ်၊ နေရာတိုင်းမှာ ကချင်တွေရော၊ ဗမာတွေရော ထောင်တာ။ မပြန်ရဲသေး ဘူး။ အခုလည်း စစ်တပ်တွေ ရှိသေးတယ်။ နှစ်ဘက်စလုံး ကြောက်ရတယ်။ သူတို့နှစ်ဘက် တွေ့လို့ တစ်ခုခု ဖြစ်တယ်ဆိုရင်ကြားမှာ (ကိုယ်ခံရ)မှာလည်း ကြောက်ရတယ်။ အိမ်တွေက အကုန် ချုံတွေ ဖြစ်ကုန်ပြီ။ ပစ္စည်းတွေလည်း ဘာမှမရှိတော့ဘူး။ အဲဒီတော့ ပြန်မယ်ဆိုရင်တောင် ဘယ်လိုလုပ်ရမယ် မသိဘူး။ ဒါပေမဲ့ သံယောဇဉ်က မပြတ်ဘူး၊ အဲဒီမှာမွေးပြီး အဲဒီမှာကြီးတာလေ၊ အဲဒီမှာပဲ အိမ်ထောင် ကျတာ။ မိသားစုတွေကလည်း တကွဲတပြား ဖြစ်ကုန်ပြီ။ အရင်တုန်းကတော့ ငြိမ်းချမ်းတယ်ဆိုတော့ ရွာမှာ အရမ်းစည်တယ်၊ သိပ်ပျော်ဖို့ကောင်းတာ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ဘူး။ ရွေးကောက်ပွဲမှာ အစောကြီးထပြီး မဲသွားပေးတယ်၊ ရလဒ်ကို ယုံတော့ယုံကြည်တယ်။ ဒါပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ ဘယ်လိုတွေ ဖြစ်မလဲတော့ မသိဘူး။

ကိုဇော်ဖန်း၊၂ဝ

ကျွန်တော်က၂ဝ၁၂ မှ စခန်းကို ရောက်တာ၊ ရွာထဲမှာ နေသေးတယ်။ ဒါပေမဲ့ အစိုးရ စစ်တပ် ကိုလည်း ကြောက်ရတယ်၊ KIA ကိုလည်း ကြောက်ရတယ်။ လာရှာတာတော့ မရှိဘူး၊ ဒါပေမဲ့ ကြုံရင် ခေါ်သွားတယ်၊ ထွက်ပြေးရတာပေါ့၊ ဟိုပုန်းဒီပုန်းနဲ့။ တိုက်ပွဲမဖြစ်ခင်က KIA  (စစ်သား) စုဆောင်းရေး ကိုပဲ ကြောက်ရတာ။ အခု နှစ်ဘက်စလုံး ကြောက်ရတယ်၊ အဲဒါနဲ့ ရောက်လာတာ။

ရွာထဲမှာ အဖိုးကြီး၊ အဖွားကြီးတွေကတော့ နေလို့ရတယ်၊ သူတို့ကို သိပ်ဒုက္ခမပေးဘူးဆိုတော့ အမေက နေခဲ့တယ်။ မောင်နှမ ၅ ယောက်လာတာ၊ ဒါပေမဲ့ အစ်ကိုကြီးက ပြီးခဲ့တဲ့လ ၁၂ လပိုင်း ၂၃ ရက်မှာ ဆုံးသွားတယ်၊ အသည်းရောင်အသားဝါနဲ့။ KIA စုဆောင်းတာနဲ့တွေ့ပြီး ပထမ ပါသွားတယ်၊ နောက် ထွက်ပြေးလာပြီး ဒီစခန်းမှာ နေသေးတယ်။ နောက်တစ်ခေါက် ပြန်သွားရပြီးမှ ဆုံးသွားတာ။ ယောကျာ်းလေး ၂ ယောက်တည်းရှိတာ။ အခု နမ္မတီးသွားပြီး နှစ်လ၊ သုံးလလောက် စာရင်းငှားလုပ်ပြီး ပြန်ရောက် လာတာ။

ကျွန်တော်ကတော့ မဲမပေးဖြစ်ဘူး။ နိုင်ငံရေး စိတ်မဝင်စားတာလည်း ပါတယ်၊ အလုပ်မအား လို့ မလာဖြစ်တာလည်း ပါတယ်။ ဒါပေမဲ့ အစိုးရအသစ်လက်ထက်မှာ ရွာပြန်ပြီး အေးအေးချမ်းချမ်း နေနိုင်မယ် လို့တော့ မျှော်လင့်တာပေါ့။ ငြိမ်းချမ်းမှ ကောင်းကောင်းမွန်မွန် လုပ်နိုင်စားနိုင်မှာ။

ဒေါ်လတောင်ခွန်ရာ၊ ၄ဝ နှစ်၊ မလိဆက်ယန်ရွာ

ကလေးများတဲ့လူတွေ၊ အဖိုးကြီး၊ အဖွားကြီးတွေ ခဏရှောင်ကြဆိုပြီး လူကြီးတွေကပြောတာနဲ့ ၂ဝ၁၁ အောက်တိုဘာမှာ တက်လာတာ။ ဒီလောက်ထိကြာမယ် မထင်ဘူးလေ။ ပြန်တာတော့ အရမ်း ပြန်ချင်တယ်။ ကိုယ့်ရွာမှာ လယ်က ၄၊၅ ဧက ရှိတယ်။ ပိုက်ဆံမရှိရင် ဝက်ရောင်းစားလိုက်၊ ကြက်ရောင်းစားလိုက်။ ဒီမှာက ကိုယ်နေရတာတောင် ကျဉ်းကျဉ်းလေး။ ပြီးတော့ မိုးတွင်းဆို ရေကြီး တယ်။ ကျွန်မတို့လို ကလေးများတဲ့သူတွေဆို တစ်နေ့ကို အနည်းဆုံး ၂,ဝဝဝ ကျပ် ကုန်တယ်။ ကလေး ၈ ယောက်၊ အဖေနဲ့ အမေပါရင် ၁ဝ ယောက်။ အငယ်ဆုံးက ၁ နှစ်ကျော်၊ အကြီးဆုံးက ၂ဝ။ ကျွန်မယောကျာ်းက မနှစ်က ဆီးချိုဖြစ်လို့ ဆေးသောက်နေရတယ်၊ အလုပ်ကြမ်းလည်း မလုပ်နိုင်ဘူး။ ကလေးအမေတွေကတော့ လုပ်ချင်ရင်တောင် ခေါ်မယ့်လူမရှိဘူး။ ရွာပြန်လို့လည်း မဖြစ်ဆိုတော့ ဒီမှာပဲ ဖြစ်သလို နေရတာပဲ။ အစိုးရအသစ်ကို တိုင်းပြည်ငြိမ်းချမ်းဖို့ပဲ တောင်းဆိုပါတယ်။

ဒေါ်ဘောက်မိုင်၊ ၃၄ နှစ်၊ မလိဆက်ယန်ရွာ

အရင်က ဒီမှာ ဆန်၊ ဆီ၊ ဆားနဲ့ပဲရတယ်။ ဒီနှစ်မှာတော့ ဆန်တွေဆားတွေ မပေးတော့ဘူး၊ ပိုက်ဆံတော့ ပေးမယ်လို့ပြောတယ်၊ နိုဝင်ဘာမှာ ကြေညာသွားတာ။ ဒုက္ခသည်တွေ များလာလို့တဲ့။ အလုပ်ကလည်း မလွယ်ဘူး။ ယောကျာ်းတွေကတော့ နေ့စားသွားကြတယ်၊ ပန်းရန်တို့၊ လက်သမား တို့ပေါ့။ ဒါပေမဲ့ နေ့တိုင်းမရဘူး။ ပုံမှန်မရှိဘူး။ မိန်းမတွေက သိပ်လုပ်စရာမရှိဘူး။ တချို့တွေလည်း ပန်းရန်သွားတယ်။ မိန်းကလေးက နေ့စားဆို ၃,ဝဝဝ လောက်ရတယ်။ ယောကျ်ားဆို ၆,ဝဝဝ လောက် ရတယ်။ ရွာမှာဆို အချိန်ပြည့် အလုပ်ရှိတယ်။ စားစရာမရှိရင် ခြံရှိတယ်၊ အခင်းရှိတယ်။ ဒီမှာ ဘာမှမ ရှိဘူး။ စိတ်က အခင်းမှာပဲ ရောက်နေတယ်။ ဒါပေမဲ့ အခုရွာမှာ စစ်ကြောင်းတွေရှိတုန်း၊  မြန်မာစစ်တပ် ရော၊ ကချင်စစ်တပ်ရော။ ကျွန်မတို့တွေက ကြားမှာ ။ ကြောက်ရတယ်။

ဦးကွမ်ဘောလ၊ ၇၄ နှစ်၊ နန့်ဆန်ယမ်ရွာ

ရွာမှာ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းက လမ်းပဲ ခြားတယ်၊ အကုန်သိကြတယ်။ ဒီပြည်တွင်းစစ်တွေ ငြိမ်းဖို့ဆိုရင် နိုင်ငံတော်အစိုးရက သဘောထားကြီးကြီးနဲ့ တိုင်းရင်းသားတွေ အားလုံး လိုချင်နေတဲ့ တန်းတူညီတူအခွင့်အရေးကို စားပွဲပေါ်မှာ မျှမျှတတ ပြေလည်အောင် ဆွေးနွေး မယ်ဆိုရင် လက်နက်နဲ့ ဖြေရှင်းစရာမလိုဘူးလို့ ကျွန်တော်တို့ ထင်တယ်။

တချို့နေရာတွေမှာလည်း ရွှေတူးခွင့်ပေး၊ ဒီ(စခန်း)မှာ ရှေ့ရေး တွေးလို့မရသေးဘူး။ အစိုးရအသစ်လာမယ်၊ မျှော်လင့်တယ်၊ ဒါပေမဲ့ အရေးကြီးတဲ့ ဝန်ကြီးဌာန ၃ ခုကို သူတို့က ကိုင်ထားသေးထားတာ ဆိုတော့ ပြောလို့ မရသေး ဘူး။ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာလည်း နှစ်ဘက်လူကြီးတွေပဲ၊ လက်နက်ကိုင်တွေပဲ၊ အစိုးရအဖွဲ့ အစည်းက လူတွေပဲဆိုရင် ဘာမှ အလုပ်မဖြစ်ဘူး။ အခု အရမ်းဒုက္ခရောက်နေ တာ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ၊ ပြီးရင် အသက်ကြီးရွယ်အိုတွေ။ အဲဒီတော့ အမျိုးသမီးတွေလည်း ပါရမယ်၊ လူငယ်တွေ လည်း ပါရမယ်၊ ဘုန်းကြီးတွေလည်း ပါရမယ်၊ ဘာသာရေးတွေလည်း ပါရမယ်။ အဲဒီတော့မှ အဆင် ပြေမှာ။ နိုင်ငံရေးနဲ့ ပြေလည်အောင် ပြောဆိုမှ၊ စစ်ရေးနဲ့ ဖြေရှင်းရင် နှစ် ၁ဝဝ လည်း ပြီးမှာမဟုတ်ဘူး။

ဒေါ်ဆိုင်းမိုင်၊ ၃၇ နှစ်၊ ဂရာယန်ရွာ

ပစ္စည်းသိမ်းဖို့ အချိန်မရှိဘူး။ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားရတဲ့အချိန်မှာ ကလေးတွေက ကျောင်းမှာ၊ ပစ္စည်းမပြောနဲ့ ကလေးတွေကိုပဲ လိုက်ရှာ ခေါ်ပြီး တောဘက်ကို ပုန်းပြေးပြီး တစ်ဝက်ကခြေလျင်၊ တစ်ဝက်က စက်လှေနဲ့ လာခဲ့ရတာ။ မြို့ကို ဘယ်လို အမြန်ဆုံး ရောက်အောင် လုပ်မလဲဆိုတဲ့ အတွေးပဲရှိတယ်။ အခုထက်ထိ ရွာတစ်ခေါက်မှ မပြန်ဖြစ်သေးဘူး။ ပစ္စည်းတွေအကုန်လုံးလည်း ဆွေးကုန်ရောပေါ့။ ပြီးတော့ ဗမာစစ်တပ်က အရင်တုန်းက ရွာထိပ်မှာပဲ ရှိတာ၊ အခုက ရွာလယ်ရော၊ အစွန်မှာရော ရှိတယ်။ မိုင်းတွေရော ကျောင်းတစ်ဝိုက်၊ ဈေးတစ်ဝိုက်မှာ (ထောင်ထားတာ)တဲ့၊ သတင်းတွေက အမျိုးမျိုးကြားရတော့ ကြောက်တယ်။ ရွာသန့်ရှင်းရေး၊  ပြန်လည်ထူထောင်ရေး လုပ်မယ်ဆိုရင်တော့ ကျွန်မတို့က ပြန်ဖို့ အဆင်သင့်ပဲ။ အခက်အခဲတွေက တော့ အများကြီးရှိတယ်။ အခု ထောက်ပံ့ကြေးရတယ်၊ ဒါပေမဲ့ အဲဒါက ဆက်ပေးပါ့မလား မသိဘူး။ ဒီမှာက အရင်းအနှီးလည်း မရှိ၊ နေရာလည်း မရှိ။ ကလေးတွေ ကျောင်းကတော့ အခမဲ့လို့ ပြောပေမဲ့ ကျူရှင် ရှိသေးတယ်၊ တခြားကုန် ကျစရိတ် ရှိသေးတယ်၊ ဆရာကန်တော့ပွဲတို့၊ နှစ်သစ်ကူးတို့၊ စာအုပ်ဖိုး။ ဒါပေမဲ့ မတတ်နိုင်တဲ့သူတွေ အများကြီး။

ဦးဇော်ယော်၊ ၄၃ နှစ်၊ ဂစုရွာ

တိုက်ပွဲက ကျွန်တော်တို့ရွာမှာ မနက် ၃ နာရီမှာဖြစ်တော့ မြစ်ကြီးနားသွားတဲ့ လိုင်းကားပေါ် ပြေးလိုက်လာတာ။ ၂ဝ၁၁ ဇွန်လ ၂၂ မှာ စခန်းကို ရောက်ခဲ့တာ။ ကျွန်တော့်မှာ ရွာမှာ လိမ္မော်ခြံရှိ တယ်။ နေ့တွင်းချင်း တစ်ခေါက်ပြန်ကြည့်တော့ တောတွေ၊ ချုံတွေချည်းပဲ ကျန်တော့တယ်၊ အိမ်တွေ တောင် သိပ်မမြင်ရတော့ဘူး။ ရရင် မနက်ဖြန်ပြန်ချင်တယ်။ ဒီမှာက နေ့စားလုပ်လို့ရတယ် ဆိုပေမဲ့ တစ်လမှာ ဆယ်ရက်လောက်ပဲ လုပ်လို့ရတာ၊ ပြီးတော့ အမျိုးသားတွေ တစ်ရာရှိတယ်ဆိုရင် တစ်ဆယ်လောက်ပဲ ခေါ်တာ။ လုပ်မယ့်သူတွေက များနေတာ။

UNDP က ဝက်တစ်ကောင်ရတယ်။ နောက်တစ်ကောင် ထပ်ဝယ်ထားတယ်။ ပထမအကောင်က အတော်ကြီးနေပြီ။ ပိဿာနှစ်ဆယ်ကျော် ရှိပြီလို့ ထင်တယ်။ နှစ်သိန်းခွဲရရင် ရောင်းမယ်။ ရတဲ့ပိုက်ဆံက သမီးကို ဘော်ဒါထားမယ်၊ ၉ တန်း ရောက်ပြီဆိုတော့ အရေးကြီးပြီ။ ဘော်ဒါက ၇ သိန်းခွဲ ပေးရတယ်၊ စခန်းမှာနေရင် ကလေးတွေအ တွက် အကျင့်ပျက်တယ်၊ စာကျက်ဖို့နေရာလည်း မရှိဘူး၊ ဒါကြောင့်မို့ ပညာရအောင်လို့ အဆောင်မှာ ထားတာ။ ရွာမှာဆိုရင် အဆောင်ထားစရာ မလိုဘူး၊ ကျူရှင်ဆရာမ ကောင်းကောင်းရှိတယ်၊ လိမ္မော် ခြံနဲ့ လယ်လုပ်တာနဲ့တင် ကျူရှင်ခ ပေးလို့လောက်တယ်။ ကျွန်တော်တို့ကတော့ အရမ်း ပြောင်းလဲချင် နေပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required