ပုသိမ်မြို့၌ စစ်ကောင်စီကသိမ်း ဆည်းထားသည့် ဆိုင်ကယ်များ ကညနတွင် လိုင်စင်ပြုလုပ်၍ ပြန်ရောင်း

ပုသိမ်မြို့၌ စစ်ကောင်စီကသိမ်း ဆည်းထားသည့် ဆိုင်ကယ်များ ကညနတွင် လိုင်စင်ပြုလုပ်၍ ပြန်ရောင်း

ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီကသိမ်းဆည်းထားသည့် ဆိုင်ကယ်များကို ရဲနှင့်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများက ဆိုင်ကယ်ယာဥ်လိုင်စင်ပြုလုပ်ကာ ရောင်းစားနေကြကြောင်း ရဲနှင့်နီးစပ်သူတစ်ဦးထံက သိရသည်။

စစ်ကောင်စီ ဆန့်ကျင်မှုကြောင့် ဆိုင်ကယ်နှင့်တကွဖမ်းဆီးခံထားရသူများ၏ ဆိုင်ကယ်များကို ယာဉ်လိုင်စင်အသစ်ပြုလုပ်၍ ရောင်းစားနေကြခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

ပုသိမ်မြို့မရဲစခန်းနှင့် ပုသိမ်နယ်မြေရဲစခန်းရှိ ရဲများကဖမ်းဆီးထားသော ပြည်သူများ၏ ဆိုင်ကယ်များဖြစ်သည်ဟုသိရပြီး အဆိုပါ ရဲစခန်းနှစ်ခုတွင် မတရားဖမ်းဆီးခံ ပြည်သူများ၏ ဆိုင်ကယ်အစီးရေ ၁၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း ၎င်းကဆိုသည်။

"ရဲတွေက ဖမ်းထားတဲ့လူတွေရဲ့ဆိုင်ကယ်တွေကို အရပ်ဝတ်တွေနဲ့ စီးပြီး ကညန ရုံးမှာလိုင်စင်ဝင်တယ်၊သိသာမှာစိုးလို့ထင်တယ် တစ်ခါလိုင်စင်သွား

ဝင်ရင် ၁၀ စီးလောက်ပဲသွားဝင်ကြတယ်၊ပြီးတော့ ရောင်းစားတယ်။ရဲတွေနဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) ရုံးကကောင်တွေနဲ့ဝေစားမျှစားလုပ်နေတာဖြစ်ဖို့များတယ်"ဟု၎င်းကဆက်လက်ပြောပြသည်။

ဖမ်းဆီးခံထားရသည့် ပြည်သူများ၏ ဆိုင်ကယ်များအား လိုင်စင်အသစ်ပြုလုပ်ခြင်းမရှိဘဲ ရရာစျေးဖြင့် ဆိုင်ကယ်ပွဲစားများထံ ပြန်လည်ရောင်းချနေခြင်းများလည်းရှိနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိဆိုင်ကယ်ဈေးကွက်တွင်တရုတ်ထုတ် ဆိုင်ကယ်တစ်စီးပင်လျှင် ငွေကျပ် ဆယ်သိန်းနှင့်အထက် ပေါက်ဈေးရှိနေသည်ဟုသိရသည်။

ပုသိမ်မြို့ပေါ်ရှိ စစ်ကောင်စီလက် အောက်ခံရဲများက မတရားသိမ်းယူထားသည့် ဆိုင်ကယ်အားလုံးပေါင်းလျှင် ငွေကျပ် သိန်းတစ်ထောင်ဝန်းကျင်ခန့်တန်ဖိုးရှိနိုင်ကြောင်း ဆိုင်ကယ်ပွဲစားတစ်ဦးကသုံးသပ်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly