တိုင်းရင်းသားများ၏ ရပိုင်ခွင့်ကို အာမခံသည့် ငြိမ်းချမ်းရေးတည်ဆောက်မည်ဟု ကရင်နှစ်သစ်ကူးသဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည် ကတိပေး

တိုင်းရင်းသားများ၏ ရပိုင်ခွင့်ကို အာမခံသည့် ငြိမ်းချမ်းရေးတည်ဆောက်မည်ဟု ကရင်နှစ်သစ်ကူးသဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည် ကတိပေး
ဓာတ်ပုံ-မဇ္စျိမ

ရန်ကုန်၊ဇန်နဝါရီ ၈ ။           ။ ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားအားလုံး၏ ရပိုင်ခွင့်ကို အာမခံမည့် နိုင်ငံရေးစနစ်အပေါ်အခြေခံသည့် ငြိမ်းချမ်းရေးတည်ဆောက်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၀ရက်နေ့တွင်ကျရောက်မည့် ကရင်နှစ်သစ်ကူး သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည် ကရေးသားဖော်ပြထားသည်။

ကရင်ပြည်သူများအပါအဝင် ပြည်ထောင်စုသားအားလုံးသည် မငြိမ်းချမ်းမှု၏ အကျိုးဆက်များ မည်မျှခံစားရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ကရင်လူမျိုးများ ငတ်မွတ်တောင်းတနေမည်ကို ဆင်ခြင်ဉာဏ်နှင့်မက နှလုံးသားနှင့်ပါခံစားသိရှိနေကြောင်း ရေးသားထားသည်။

" ကရင်လူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှုထဲမှာ ကျွန်မ အထူးနှစ်သက်တဲ့ ဓလေ့တစ်ခုရှိပါတယ်။အဲဒါကတော့ ကရင်နှစ်သစ်ကူးကာလမှာ မိမိတို့စိုက်ပျိုးခဲ့ကြလို့ ရင်မှည့်လာတဲ့ ကောက်သစ်တွေကို ရိတ်သိမ်းပြီး ရလာတဲ့ ကောက်သစ်တွေကို မိမိတို့အချင်းချင်းကြားမှာ အတူမျှဝေစားသောက်ကြတဲ့ အလေ့အထဖြစ်ပါတယ်။ဒါဟာ ကျွန်မတို့ ကရင်လူမျိုးတွေရဲ့ ညီညွှတ်မှု၊ စည်းလုံးမှုကို ဖော်ပြနေတဲ့ အမှတ်သင်္ကေတ တစ်ခုပါဘဲ။ ဒီနေ့ ကျွန်မတို့ ပြည်ထောင်စုကြီးမှာ ကောက်သစ်တွေပေါ်စပြုနေပါပြီ။ဒီကောက်သစ်တွေဟာ တချိန်က ကျွန်မတို့ ကောက်ပင်တွေ စိုက်ပျိုးခဲ့ကြခြင်းရဲ့ အကျိုးဆက်ပါပဲ"ဟု ကရင်နှစ်သစ်ကူးသဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည် ကရေးသားဖော်ပြထားသည်။

ယုံကြည်ကိုးကွယ်မှု၊ မျိုးနွယ်စုဘာသာစကားများ ကွဲပြားမှုကြောင့် စည်းလုံးညီညွှတ်မှုကို ထိခိုက်ပြိုကွဲစေမည့် အဟန့်အတားများကို အထူးသတိထားရှောင်ရှားနိုင်ရန် ကရင်အမျိုးသားစိတ်ဓာတ်ရှိရန် လိုကြောင်း၊ပြဿနာတစ်ခုရှိလာပြီဆိုပါက အမျိုးသားရေးစိတ်ဓာတ်ဖြင့် နှစ်ဦးနှစ်ဖက် အလျှော့ပေးဖြေရှင်းကြရန်ပါကြောင်း၊အလျှော့ပေးခြင်းမှာ အရှုံးပေးခြင်းမဟုတ်ဘဲ သဘောထားကြီးသည်ကို ဖော်ပြခြင်းဖြစ်ကြောင်း ကရင်အမျိုးသားနှစ်ကူးပွဲတော်ကျင်းပရေးဗဟိုကော်မတီဥက္ကဌ ပါမောက္ခ မန်းရွှေပြည်အေး ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required