စစ်ကိုင်း PDF က စစ်ကောင်စီတပ်ကို ဒရုန်းသုံးတိုက်ခိုက်သည့် ဗီဒီယိုထုတ်ပြန်

02 January 2022
စစ်ကိုင်း PDF က စစ်ကောင်စီတပ်ကို ဒရုန်းသုံးတိုက်ခိုက်သည့် ဗီဒီယိုထုတ်ပြန်

ဇန်နဝါရီလ ၂ ရက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းအဖွဲ့က ဒရုန်းအသုံးပြုကာ စစ်ကောင်စီတပ်နှင့်အဆောက်အဦများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပါရှိသည့် ဗီဒီယိုမှတ်တမ်းတစ်ခုကို ယနေ့တွင် ထုတ်ပြန်လိုက်သည်။

အောင်ဆန်းတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ပုလဲမြို့နယ်အတွင်း အောင်ဆန်းတပ်ဖွဲ့ ၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့၊ ပုလဲပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍တိုက်ခိုက်ခဲ့သည့်မှတ်တမ်းပါ ၃ မိနစ် ၄၁ စက္ကန့်ကြာဗီဒီယိုကို "အမဲလိုက်ခြင်း မှတ်တမ်းအချို့" ဟု ခေါင်းစဉ်တပ်ထားသည်။

မှတ်တမ်းဗီဒီယိုတွင် ဒရုန်းမှရိုက်ကူးထားဟန်ရှိသောပုံရိပ်များတွေ့ရပြီး ရဲစခန်းဟုယူဆရသည့် အဆောက်အဦများနှင့် အဝေးပြေးလမ်းမပေါ်တွင် မောင်းနှင်နေသော စစ်ကောင်စီတပ်ယာဉ်တန်းပေါ်ပစ်ချလိုက်သည့် ဖောက်ခွဲရေးပစ္စည်းများနှင့် ပေါက်ကွဲမှုများပါရှိသည်။

" အခြေအနေအရ မှတ်တမ်းမတင်လိုက်နိုင်တဲ့ တိုက်ခိုက်မှုများလည်း အတော့်ကို လက်သံပြောင်ခဲ့ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ဗျ။ မိဘပြည်သူများလည်း နှစ်သစ်မှာ မျှဝေမုဒိတာပွားရင်း PDF ရဲဘော်များကို ခွန်အားပေးကြပါ။" ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အောင်ဆန်းတပ်ဖွဲ့မှ ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ပါဝင်သည့် တိုက်ခိုက်မှုပြုလုပ်ချက်များကိုသာ မဇ္စျိမမှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly