၂၀၂၁ မှာ ငွေကြေးဖောင်းပွမှု ၇၀ ရာခိုင်နှုန်းကျော်ရှိဟု ကျူးဘား ကြေညာ

၂၀၂၁ မှာ ငွေကြေးဖောင်းပွမှု ၇၀ ရာခိုင်နှုန်းကျော်ရှိဟု ကျူးဘား ကြေညာ
Photo - AFP

ဒီဇင်ဘာလ ၂၂ ရက်

ကမ္ဘာမှာ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးထဲ တစ်နိုင်ငံအဖြစ် ကျူးဘားနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၇၀ ရာခိုင်နှုန်းကျော်နဲ့ ၂၀၂၁ ကို အဆုံးသတ်လိမ့်မယ်လို့ စီးပွားရေးဝန်ကြီး အလီဂျန်ဒရို ဂျဲက အင်္ဂါနေ့မှာ ပြောပြီး ဒါဟာ ငွေကြေးမူဝါဒကြောင့် ဖြစ်ရတယ်လို့ အလေးအနက် ဆိုပါတယ်။ 

လုပ်ခလစာတွေ ၄၅၀ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း တိုးမြှင့်သွားရေး ငွေကြေးမူဝါဒသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အစိုးရဟာ အခုနှစ်အစောပိုင်းမှာ ဈေးနှုန်းတွေကို ၄၄ ရာခိုင်နှုန်းအထိ တိုးစေခဲ့တာ ဖြစ်ပါတယ်။ 

“ငွေကြေးဖောင်းပွမှုဟာ ၇၀ ရာခိုင်နှုန်းနဲ့ ဒီနှစ်ကို ကျွန်တော်တို့ အဆုံးသတ်ဖြစ်ဖို့ ရှိတယ်”လို့ အမျိုးသားလွှတ်တော် စုံညီအစည်းအဝေးမှာ အလီဂျန်ဒရို ဂျဲက ပြောပါတယ်။ 

“ငွေကြေးဖောင်းပွမှုက အဲဒီလောက်ထိ ရှိပေမယ့် လုပ်ခလစာတွေလည်း တိုးမြှင့်ထားတာပဲ မဟုတ်ပါလား”ဆိုပြီး သူက ဆိုပါတယ်။ 

ဇန်နဝါရီလအတွင်းက အနိမ့်ဆုံးလစာဟာ ပီဆို ၂၁၀၀ (အမေရိကန်ဒေါ်လာ ၈၇ ဒေါ်လာ) ရှိခဲ့ပြီး နှစ်ကုန်မှာတော့ နှစ်ဆနီးပါး တိုးမြင့်ကာ ၃၉၃၄ ပီဆိုအထိ ရှိလာခဲ့ပါဝယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ ဆက်စပ်တဲ့ ပြင်ပအင်အားတွေနဲ့ အမေရိကန်ရဲ့ ကျူးဘားကျွန်းကို စီးပွားရေး ပိတ်ပင်မှုတွေကြောင့်လည်း ငွေကြေးဖောင်းပွမှု မြင့်တက်ရတယ်လို့ အလီဂျန်ဒရို ဂျဲက ပြောပါတယ်။ 

ခရီးသွားလုပ်ငန်း ပြန်ဖွင့်တာ ဦးဆောင်တဲ့ စီးပွားရေး ပြန်လည်ဦးမော့မှုနဲ့အတူ ၂၀၂၀ မှာ ဂျီဒီပီ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လိမ့်မယ်လို့ ဂျဲက ဆိုပါတယ်။ 

၂၀၂၁ မှာ စီးပွားရေး ဖွံ့ဖြိုးမှုက ၂ ရာခိုင်နှုန်းပဲ ရှိတာကြောင့် နှစ်စမှာ အာဏာပိုင်တွေ ခန့်မှန်းတာထက် သုံးပုံ တစ်ပုံသာ ရှိခဲ့တာဖြစ်ပြီး ဒီအတွက်လည်း ဂျဲက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြစ်ဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required