စစ်ဘေးရှောင်များအား ကူညီပေးရေး ထိုင်းနှင့် မြန်မာက လုပ်ငန်းစဉ်အဖွဲ့ ဖွဲ့စည်းမည် 

စစ်ဘေးရှောင်များအား ကူညီပေးရေး ထိုင်းနှင့် မြန်မာက လုပ်ငန်းစဉ်အဖွဲ့ ဖွဲ့စည်းမည် 
ဓာတ်ပုံ- ကင်းလှည်နေသည့် စစ်ကောင်စီတပ်သားများအားတွေ့ရစဥ်

တိုက်ပွဲများမှ နေရပ်ရွှေ့ပြောင်းကြရသည့် ပြည်သူများအား လူသားချင်း စာနာထောက်ထားရေး အကူအညီများ တိုးမြှင့်ပေးအပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံနှင့် ပဋိပက္ခဖြစ်နေသော မြန်မာနိုင်ငံတို့က လုပ်ငန်းစဉ်အဖွဲ့တရပ်အား ဖွဲ့စည်းမည်ဖြစ်ကာ ယင်း အဖွဲ့ဝင် အခြားသော ကူညီပေးရေးအေဂျင်စီများပါ ပါဝင်နိုင်အောင် တိုးချဲ့သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ပြောသည်။ 

ယခု အစီအစဉ်သည် စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် အပြုသဘော ချိတ်ဆက်မှုများသို့ ဦးတည်စေနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ချက်၌ ဆိုသည်။ 

တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့က အာဏာသိမ်းစစ်တပ်အား ပူးပေါင်းတိုက်ခိုက်မှုများ ဆင်နွှဲရာ မြန်မာနယ်စပ်ဒေသများတွင် အကြမ်းဖက်မှုများ ပြင်းထန်နေပြီး အခြားသော နယ်မြေများ၌လည်း လုံခြုံရေးတပ်များကို ပစ်မှတ်ထားသည့် ဒီမိုကရေစီ လိုလားသော တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများ ပေါ်ပေါက်သည်။ 

အောက်တိုဘာနှောင်းပိုင်း မဟာမိတ်အဖွဲ့၏ ထိုးစစ်မှနောက်ပိုင်း နေရပ်ရွှေ့ပြောင်းရသူပေါင်း ၃၀၀,၀၀၀ ကျော်ထက်မနည်း ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားပြီး ၂၀၂၁ အာဏာသိမ်းကာ စစ်တပ်က ဖြိုခွင်းမှုများ လုပ်လာချိန်မှဆိုလျင် လူသန်းကျော်ထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးရသဖြင့် စစ်ကောင်စီအပေါ် ဝေဖန်မှုများ ဖြစ်ပေါ်စေသည်။ 

ယခု မငြိမ်မသက်မှုများသည် အာဏာသိမ်းချိန်မှနောက်ပိုင်း စစ်ကောင်စီအတွက် အကြီးမားဆုံးသော တိုက်ပွဲမြေစိန်ခေါ်မှု ဖြစ်ကာ တရုတ်နှင့် ထိုင်းတို့အတွက်လည်း ဒုက္ခသည်များ စီးဝင်လာမည်ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည်။ 

“လုပ်ငန်းစဉ်အဖွဲ့ ဖွဲ့စည်းဖို့ ဆွေးနွေးဖို့အတွက် မြန်မာဘက်က မကြာခင်မှာ အဖွဲ့တဖွဲ့ ထိုင်းဆီ စေလွှတ်ပါလိမ့်မယ်”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

“အကောင်အထည်ဖော်မှု ကနဦးခြေလှမ်း အောင်မြင်တယ်ဆိုရင်တော့ နောက်ပိုင်းမှာ အခြားသော အကူအညီပေးရေးအေဂျင်စီတွေကိုပါ ပါဝင်ဖို့ ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်”ဟု ထုတ်ပြန်ချက်၌ ဆိုထားသည်။ 

တရုတ်၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးတွင် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကြား ဆွေးနွေးရာမှ ယခုကဲ့သို့ လုပ်ငန်းစဉ်အဖွဲ့ ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ 

၎င်းတို့နှစ်ဦး၏ တွေ့ဆုံမှုကို မြန်မာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော်လည်း လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းစဉ်အဖွဲ့  ဖွဲ့စည်းမည့်အကြောင်းကို ဖော်ပြခြင်း မရှိပေ။ ထင်မြင်ချက်ပေးရန် စစ်ကောင်စီ ပြောခွင့်ရသူထံ ဆက်သွယ်၍ မရသေးပေ။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly