ကူဝိတ်က အီရန်ရှိ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူပြီ

ကူဝိတ်က အီရန်ရှိ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူပြီ

ကူဝိတ်စီးတီး၊ ဇန်နဝါရီ ၆ ။              ။ ဆော်ဒီအာရေဗျနိုင်ငံတွင် ရှီယိုက်ဘာသာရေးခေါင်းဆောင်ကို သေဒဏ်ပေးလိုက်ခြင်းနောက် မငြိမ်မသက်မှုများက ဆိုးသထက်ဆိုးလာနေပြီး ကူဝိတ်နိုင်ငံကလည်း အီရန်ရှိ သံအမတ်ကြီးအား ပြန်ခေါ်ပြီဟု ကြေညာလိုက်သည်။

ရှီယိုက်မွတ်စလင်ဘာသာရေးခေါင်းဆောင် ရှိတ်နီမာနှင့် အခြားသူ ၄၆ ဦးအား သေဒဏ်ပေးခဲ့ပြီးနောက် အီရန်ရှိ ဆော်ဒီသံရုံးအား ဇန်နဝါရီ ၂ ရက်က ဒေါသထွက်နေသော လူအုပ်ကြီးက မီးတင်ရှို့ခဲ့ကြသည်။

ဆော်ဒီအာရေဗျက တုံ့ပြန်သည့်အနေဖြင့် အီရန်နှင့် သံတမန်ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီးနောက် မဟာမိတ်များဖြစ်ကြသည့် ဘာရိန်းနှင့် ဆူဒန်နိုင်ငံတို့ကလည်း ဆော်ဒီအတိုင်း လုပ်ဆောင်ခဲ့ကြသည်။

အမေရိကန်၊ ကုလသမဂ္ဂနှင့် တူရကီနိုင်ငံတို့က ဒေသတွင်း တည်ငြိမ်ရေးကို တိုက်တွန်းလျက်ရှိနေသည်။

ဆွန်နီမွတ်စလင်အများစုဖြစ်သည့် ဆော်ဒီအာရေဗျနှင့် ရှီယိုက်အများစု အီရန်တို့က အရှေ့အလယ်ပိုင်းတွင် အာဏာအားပြိုင်နေသည့် အဓိကနှစ်နိုင်ငံဖြစ်ကာ ဆီးရီးယားနှင့် ယီမင်အရေးတို့တွင် ဆန့်ကျင်ဖက် ကျောထောက်နောက်ခံပြုမှုဖြင့် ထိပ်တိုက်တွေ့နေသည့် နှစ်နိုင်ငံဖြစ်သည်။

ဆော်ဒီသံရုံးတိုက်ခိုက်မှုများသည် နိုင်ငံတကာစံကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းအဖြစ် ပြောဆိုကာ အီရန်မှ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း ကူဝိတ်က ကြေညာခဲ့ခြင်းဖြစ် သည်။ ကူဝိတ်နိုင်ငံရှိ အီရန်သံအမတ်ကြီးကိုမူ ပြည်ရပ်ပြန်ခိုင်းနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချခြင်းအဆင့်ထိတော့ မဟုတ်သေးပေ။

ရှီယိုက်ဘာသာရေးခေါင်းဆောင်ကို အကြမ်းဖက်မှုနှင့် ဆက်နွယ်သည့် ပြစ်မှုဖြင့် ဆော်ဒီအာရေဗျက သေဒဏ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required