ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ်ချမှတ်မှု ကုလလုံခြုံရေးကောင်စီ အပြင်းအထန် ဝေဖန်

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ်ချမှတ်မှု ကုလလုံခြုံရေးကောင်စီ အပြင်းအထန် ဝေဖန်
Photo - ANI

ဒီဇင်ဘာ ၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့ကို ယခုအပတ်ထဲ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ်ချမှတ်လိုက်မှုအပေါ် "အင်မတန် စိုးရိမ်ပူပန်" ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) က ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ COVID-19 ပိတ်ပင်ကန့်သတ်ချက်များ ချိုးဖောက်မှုတို့ဖြင့် စစ်ကောင်စီက ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့သည်။

အသက် ၇၆ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင် တင်သွင်းထားသည့် ဆက်သွယ်ရေးစကားပြောစက် ဝေါ်ကီတော်ကီများ ပိုင်ဆိုင်ထားမှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မဲမသမာမှု အပါအဝင် နိုင်ငံရေးအရ အရင်းခံသည့် နောက်ထပ် စွဲချက် ၁၀ ခုဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည်။ သမ္မတကြီး ဦးဝင်းမြင့်သည်လည်း အလားတူအတိုင်းပင် ထောင်ဒဏ် လေးနှစ်ချမှတ်ခံခဲ့ရသည်။

"နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  သမ္မတ ဦးဝင်းမြင့် နဲ့ အခြားအကြီးအကဲတချို့ကို ပြစ်ဒဏ် ချမှတ်မှုအပေါ် လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက အထူးတလည် စိုးရိမ်မကင်းဖြစ်မိတယ်လို့ ထုတ်ဖော်ခဲ့ကြပါတယ်၊ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း မတရား ဖမ်းဆီးထိန်းသိမ်းခံထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ထပ်လောင်း တောင်းဆိုတယ်" ဟု UNSC ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ပြောခဲ့သည်။

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ဆက်လက် ထောက်ခံကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက နောက်တကြိမ် အလေးပေး ပြောခဲ့ကြပါတယ်၊ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ထိန်းသိမ်းဖို့ လိုအပ်တာ၊ အကြမ်းဖက်မှုကနေ ရှောင်ကြဉ်ဖို့ လိုအပ်တာ၊ အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းမှု လမ်းကြောင်းအတိုင်း သွားဖို့၊

မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒ၊ အကျိုးစီးပွားတို့နဲ့အညီ ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို အပြည့်အဝ လေးစားလိုက်နာဖို့နဲ့ ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အလေးပေး ပြောခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိကြောင်း ဆုံးဖြတ်မှုက "အခြေအမြစ်မရှိသည့် စီရင်ချက်" ဖြစ်ကြောင်းနှင့် ရှေ့ကာလတွင် နောက်ထပ် ပြစ်ဒဏ်များလည်း ချမှတ်လာဖွယ် ရှိကြောင်း Human Rights Watch (HRW) က ပြောသည်။

"အာဏာသိမ်းစစ်ကောင်စီက သူတို့ကို ဆန့်ကျင်အတိုက်အခံပြုနေသူအားလုံးကို ရှင်းလင်းနှိမ်နင်းဖို့ ဒီ အယောင်ဆောင် တရားရုံး စွဲဆိုမှုကို အသုံးချနေပါတယ်၊ ဒါပေမယ့် အာဏာသိမ်းမှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံရပြီးနောက်ပိုင်း ပြည်သူသန်းနဲ့ချီဟာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအရေးအတွက် လမ်းတွေပေါ် ထွက်ကာ ဆန္ဒထုတ်ဖော်ထားခဲ့ကြပါတယ်" ဟု HRW ၏ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဘရက်ဒ် အဒမ်စ်က ပြောခဲ့သည်။

မြန်မာအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များသည် အာဏာသိမ်းမှုနောက်ပိုင်း အပြစ်မဲ့ပြည်သူ ၁,၂၀၀ ကျော်ကို သတ်ဖြတ်ထားခဲ့သလို လူပေါင်း ၇,၅၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကာ ထိန်းသိမ်းခံထားရသူများအပေါ် ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုတို့ ရှိထားကြောင်း HRW က ပြောခဲ့သည်။

အာဏာသိမ်းစစ်အုပ်စု၏ ကျယ်ပြန့်ပြီး စနစ်တကျဖြစ်သည့် ညှင်းပန်းနှိပ်စက်မှုများက လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူသတ်မှု၊ အတင်းအကျပ် ဖျောက်ဖျက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မကျင့်မှု၊ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လွတ်လပ်ခွင့်ကို အပြင်းအထန် ပိတ်ပင်မှု နှင့် ကြီးမားသည့် ဒုက္ခဆင်းရဲများကို ဖြစ်စေသည့် အခြားသော လူမဆန်သည့် လုပ်ရပ်များအဖြစ် သဘောသက်ရောက်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly