ရေဘေးသင့်သူများအတွက် အရေးပေါ်ထောက်ပံ့မှုလိုနေ

ရေဘေးသင့်သူများအတွက် အရေးပေါ်ထောက်ပံ့မှုလိုနေ

ဒီဇင်ဘာလ ၂၃ ရက် ။         ။ ဇူလိုင်မှ အောက်တိုဘာအတွင်းကျရောက်ခဲ့သည့် မိုးကြီးရေလျှံမြေပြိုမှုများကြောင့် ရေဘေးသင့်သူ ၃၃၂၇၅၀ ဦးကို ကူညီရန် ၂၀၁၆ ခုအတွက် ကန်ဒေါ်လာ ၁၂ သန်းကျော် အရေးပေါ်လိုအပ်နေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO က ထုတ်ပြန်ထားသည်။

မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အချိန်မီမရရှိပါက အစားအစာများ အထွက်နှုန်းကျဆင်းသွားပြီး အစာရေစာ ရှားပါးခြင်းနှင့် အဟာရချို့တဲ့ခြင်းတို့ ကြုံတွေ့လာရနိုင်သည်ဟုဆိုသည်။

လယ်သမားများအနေဖြင့် ပိုင်ဆိုင်မှုများကို မဖြစ်မနေ ရောင်းချလာကြရမှာဖြစ်ပြီး အကြွေးများ ပိုမြင့်တက်လာနိုင်သည်။ ထို့ပြင် ရေဘေးသင့်သူများအနေဖြင့် သူတစ်ပါး အထောက်အပံ့များအပေါ် ရေရှည် ပိုမိုမှီခိုလာရမည့် အခြေအနေများ ဖြစ်ပေါ်စေမည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။

မြန်မာအစိုးရ၊ FAO နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP တို့ ပူးတွဲ၍ ရေဘေးဒဏ်ဆိုးရွားသည့် စစ်ကိုင်း၊ ချင်း၊ ဧရာဝတီ၊ ရခိုင်၊ ပဲခူးနှင့် မကွေး စသည့် ပြည်နယ်တိုင်း ၆ ခုတွင် ကွင်းဆင်းစစ် တမ်းကောက်ယူခဲ့ပြီး အောက်တိုဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။

အသက်ဆုံးသူ ၁၃၀ ဦးကျော်ရှိပြီး လူပေါင်း ၁ သန်းခွဲကျော်ကို ယာယီပျောင်းရွှေ့မှုများဆောင်ရွက်ခဲ့ရသည့် ရေကြီးရေလျှံ မြေပြိုမှုတွင် ကြက်ဘဲ၊ ကျွဲနွား၊ ဝက်နှင့် ဆိတ်အပါအဝင် မွေးမြူရေး တိရစ္ဆာန် နှစ်သိန်းကျော် သေကြေခဲ့သည်ဟု စစ်တမ်း အတွင်းပါဝင်သည်။ ထို့ပြင် စပါးအများစုဖြစ်သည့် စိုက်ပျိုးဧက ၁ သန်းခွဲ ခန့်လည်း ရေကြီးမှုဒဏ်သင့်ခဲ့သည်။

ငါးပုဇွန်မွေးမြူရေးကန် ဧက ခုနှစ် သောင်းလေးထောင်ကျော် ပျက်စီးပွားပြီး အထောက်ကူပြု ကိရိယာများလည်း ပါဝင်သည်။ မြေပြိုမှု ဧက ၆ ထောင် ကျော်သည့် ချင်းပြည်နယ်တွင် လမ်းပမ်းဆက်သွယ် သွားလာရေး အခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required