နိုင်ငံကူးလက်မှတ်လျှောက်ထားသူ နေ့စဥ် ထောင်နှင့်ချီရှိ

နိုင်ငံကူးလက်မှတ်လျှောက်ထားသူ နေ့စဥ် ထောင်နှင့်ချီရှိ
ပုံစာ- ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် တန်းစီစောင့်ဆိုင်းနေသူများ။ (ပုံဟောင်း)

အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ရုံးတွင် နိုင်ငံကူးလက်မှတ် (ပတ်စပိုစ့်/Passport) လျှောက်ထားသူ နေ့စဥ်ထောင်နှင့်ချီ ရှိနေပြီး မနက် ၄ နာရီဝန်းကျင်မှ စတင် တန်းစီ စောင့်ဆိုင်း နေကြသည်ကို တွေ့ရသည်။

အခကြေးငွေ သီးသန့်ယူ၍ ပတ်စပိုစ့်လျှောက်ပေးသော ပွဲစားများကိုလည်း ပတ်စ်ပို့စ် ရုံးအနီးတွင် တွေ့ရသည်။

ပတ်စပိုစ့် လျှောက်ရာတွင် ဘဏ်သွင်းငွေ ၂၅,၀၀၀ကျပ်၊ ငွေစလစ် စာရွက်ကြေး ၂,၀၀၀ကျပ်၊ ဓာတ်ပုံရိုက် ၅,၀၀၀ကျပ်နှင့် စာအုပ်ထုတ် ၃,၀၀၀ကျပ်ဖြင့် စုစုပေါင်း ၃၅,၀၀၀ ကျပ် ကျမည် ဖြစ်သော်လည်း ပွဲစားများဖြင့် ဆောင်ရွက်ပါက လူတစ်ဦး လျှင် ကျပ်ငွေ ၆၅,၀၀၀မှ ၇၅,၀၀၀ ကျပ်အထိ ပေးရကြောင်း ပွဲစားဖြင့် ပတ်စ်ပို့လျှောက်ထားသူ တစ်ဦးက ပြောသည်။

ထို့အပြင် တန်းစီစောင့်ဆိုင်းရာတွင် ပွဲစားများက နေရာအရောင်းအဝယ်များကို လုပ်ဆောင်ကာ လူတစ်ဦးအတွက် ၃,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်အထိ ပေးချေရကြောင်းလည်း ၎င်းက ပြောသည်။

''ငွေသွင်းက ၁၂ နာရီဆို ပိတ်တာဖြစ်လို့ လူတွေက အချိန်မှီ ရုံးထဲရောက်ချင်လို့ နေရာဝယ်တာတွေ ရှိတယ်။ ပွဲစားတွေက နေရာကြိုတန်းစီထားပြီး အဲဒီနေရာကို ရောင်းတာရှိသလို ရုံးထဲက ရဲတွေ ဒါမှမဟုတ် အဲဒီမှာ လည်ပင်းကြိုးတွေဆွဲထားတဲ့ လူတွေရှိတယ်။ သူတို့ကို ဘယ်လို ခေါ်ဝေါ်လဲတော့မသိဘူး။ အဲဒီလူတွေဖုန်းဆက်ပြီး နေရာဝယ်တဲ့သူတွေကို လာခေါ်ခိုင်းတာ။ နေရာမဝယ်တဲ့သူတွေကတော့ ဒီတိုင်း အကြာကြီး တန်းစီစောင့်ပြီး အချိန်မမီရင် နောက်ရက် ပြန်လာရတာပေါ့ဗျာ''ဟု ပတ်စပိုစ့် လာရောက်လျှောက်ထားသူတစ်ဦးက ပြောသည်။

ပတ်စပိုစ့်ရုံးအတွင်းသို့ စာရွက်စာတမ်းမှလွဲ၍ မည်သည့်ပစ္စည်းမှ ယူဆောင်ခွင့် မရှိခြင်းကြောင့် ထီး၊ လွယ်အိတ်များကို ယင်းအနီးရှိ မုန့်သည်များထံတွင် အခကြေးငွေဖြင့် အပ်ရသည်။

"လွယ်အိတ်တွေ၊ ဘာတွေတော့ ရုံးထဲ မယူခိုင်းဘူးဗျ။ ထီးတော့ ရုံးထဲမရောက်ခင် ထားလို့ရတဲ့ နေရာရှိပေမယ့် အပြင်မုန့်ဆိုင်တွေမှာ အပ်ခဲ့တာ ပိုစိတ်ချရတယ်။ သူတို့ပေးထားတဲ့နေရာမှာ ထီးထားခဲ့တိုင်း ထီးက အမြဲပျောက်တတ်တယ်''ဟု ၎င်းက ဆက်ပြောသည်။

ပတ်စပို့စ်ရုံး အနီးတွင် လက်တွန်းလှည်းသည်များ၊ အအေး ၊ဘောပင် ၊တစ်သျှူး စသည်များကို ရောင်းချသည့် ဈေးသည်များနှင့် လာရောက်သူများ၏ အိတ်များကို သီးသန့်စောင့်ပေးသည့် သူများကိုလည်း တွေ့ရသည်။

ပတ်စပိုစ့်ရုံးမဖွင့်ခင် နံနက်ပိုင်းတွင် ဗုံးရှာဖွေ ရှင်းလင်းမှုများကို စစ်ခွေးများဖြင့်လည်း လုပ်တက်ပြီး တန်းစီ စောင့်ဆိုင်းနေကြသည့်လူအုပ်ကြားထဲနှင့် ပွဲစားများထဲတွင် အရပ်ဝတ်ရဲများ ရှိနေသည် ဟုလည်း သတင်းများထွက်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly