“ထပ်ပြီးမေးပါမယ်၊ ‘ငွေထုတ်ပိုက်ပြီးမှ ထွက်သွားကြဖို့ လုပ်တာ ပြည်ခိုင်ဖြိုး အမတ်တွေ မရှက်ကြဘူးလား’”

“ထပ်ပြီးမေးပါမယ်၊ ‘ငွေထုတ်ပိုက်ပြီးမှ ထွက်သွားကြဖို့ လုပ်တာ ပြည်ခိုင်ဖြိုး အမတ်တွေ မရှက်ကြဘူးလား’”

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နာယက သူရဦးရွှေမန်းက ပြည်သူလူထုအများ ဝေဖန်နေကြတဲ့ “တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ” ပြဿနာအကြောင်း ရှင်းလင်းမှု နည်းနည်း လုပ်ခဲ့ပါတယ်။ သူရှင်းလင်းတာကို အတိုချုပ်ပြောရရင် အခုလို တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ ပေးဖို့ကိစ္စ ဖြစ်ပေါ်လာတာဟာ အရင်အစိုးရက ဥပဒေ ပြဌာန်းပေးခဲ့လို့ ဖြစ်တဲ့အကြောင်း၊ အဲဒီ ချီးမြှင့်ငွေ ခံစားမယ့် သူတွေဟာလည်း လွှတ်တော်အမတ်တွေချည်းပဲ မဟုတ်တဲ့အကြောင်း၊ ပြည်သူတွေက လွှတ်တော်ဘက်ကို ဝေဖန်တာ များနေလို့ သူ့အနေနဲ့ ရှင်းလင်းရတာ ဖြစ်ကြောင်း ပြောပါတယ်။ လွှတ်တော် အစည်းအဝေးမှာ နာယက သူရဦးရွှေမန်း ဘာတွေ ပြောခဲ့သလဲ၊ တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ ပြဿနာဟာ ဘယ်လို ဖြစ်တည်လာသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲဆိုတာ ဒီကနေ့ လေ့လာ စူးစမ်းကြည့်ကြရအောင်ပါ။

လွှတ်တော်ထဲမှာ အခုကိစ္စ ရှင်းလင်းရတဲ့အကြောင်း နာယက သူရဦးရွှေမန်းက ခုလို ပြောပါတယ်။ “အခုလည်း ဒီကိစ္စကို စာပေးနိုင်ဖို့ သက်ဆိုင်ရာဌာနက ပုံစံတွေ ပေးပို့ပြီး လွှတ်တော် ကိုယ်စားလှယ်တွေက မိမိနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ဖြည့်ဆည်းပေးဖို့ တောင်းခံ ဆောင်ရွက်နေတာက ဒီလိုဝေဖန်ပြောဆိုမှုတွေနဲ့ ရှင်းလင်းရတဲ့ အခြေအနေ ပေါ်လာတာလို့ ယူဆပါတယ်၊ နောက်ဆုံး ရှင်းလင်းချင်တာက လွှတ်တော် ကိုယ်စားလှယ်တွေပဲ မဟုတ်ပါဘူး နိုင်ငံတော်မှာ ပြီးခဲ့တဲ့ ငါးနှစ်ကာလအတွင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ကြပြီး တင်ပြခဲ့တဲ့ ဥပဒေများမှာ အကျုံးဝင်တဲ့ ပုဂ္ဂိုလ်အားလုံး ခံစားခွင့်ရရှိတာ ဖြစ်ပါကြောင်း လွှတ်တော်အပိုင်းက ရှင်းလင်းသင့်တဲ့ အခြေအနေကို တင်ပြခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

သူရဦးရွှေမန်းက ဆက်ပြီး “တကယ်တော့ အခုပြောနေကြတဲ့ တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရကြမှာ လွှတ်တော် ကိုယ်စားလှယ်များတင် မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၆ ခုနှစ် မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့၊ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများအပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနဲ့ ကောင်စီဝင်များ အားလုံး ပါဝင်ပါတယ်” လို့ ရှင်းပါတယ်။ အဓိပ္ပါယ်ကတော့ ဒီတလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကိစ္စ အရင်အစိုးရက ပြဌာန်းပေးခဲ့တဲ့ ဥပဒေအရ လုပ်ရတာ၊ အကောင်အထည် ဖော်တော့လည်း အစိုးရအဖွဲ့ဘက်ကနေ အကောင်အထည် ဖော်နေတယ်၊ ဒါကြောင့် လွှတ်တော်ဘက်ကိုချည်းပဲ ဝေဖန်နေတာဟာ မမှန်ဘူး၊ မဖြစ်သင့်ဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။

မှန်ပါတယ်။ သူရဦးရွှေမန်းပြောသလို ဒီလို တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင် ချီးမြှင့်ငွေ ရယူခံစားကြရမယ့်ကိစ္စ အရင်စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြဌာန်းပေးခဲ့တာပါ။ ဒါပေမယ့် လက်ရှိ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဟာ အဲဒီ ဥပဒေတွဲကို ဒီအတိုင်း ထားခဲ့တာ မဟုတ်ပါဘူး။ ရှေ့ပိုင်းမှာ အခု ပြောဆိုနေတဲ့ ဥပဒေတွဲတွေထဲက တစ်ခုဖြစ်တဲ့ “ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနဲ့ စားရိတ်များဆိုင်ရာ ဥပဒေ” နအဖ ဥပဒေအမှတ် ၆/၂၀၁၁ ကို ပြင်ဆင်တဲ့ သာဓက ရှိခဲ့ပါတယ်။ အားလုံး မှတ်မိကြပါဦးမယ်။ အဲဒီ ဥပဒေအရ ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်တွေကို လစာ တစ်လ ကျပ် ၃ သိန်း ရယူဖို့ ပြဌာန်းထားပါတယ်။ ပြည်နယ်နဲ့ တိုင်းအဆင့်ကို ကျပ် ၂ သိန်း ပြဌာန်းထားပါတယ်။ ဒါကို ပြည်ထောင်စု လွှတ်တော် အမတ်တွေက ပြည်ထောင်စုအဆင့် အမတ်တွေကို တစ်လ ကျပ် ၁၀ သိန်း၊ ပြည်နယ်နဲ့ တိုင်းအဆင့်ကို ကျပ် ၅ သိန်းဆိုပြီး ၃ ဆ လောက် တိုးမြှင့် သတ်မှတ်ဖို့ ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ ဒီလို တိုးမြှင့် သတ်မှတ်ချက်ကြောင့်ပဲ အမတ်ပေါင်း ၁၀၀၀ ကျော်ရဲ့ လစာဟာ ဘတ်ဂျက်ထဲမှာ ၃၀၀ ရာခိုင်နှုန်း၊ တစ်နည်း ၃ ဆလောက် မြင့်တက်သွားစေခဲ့ပါတယ်။ အဲလို အချိန်တုန်းကတော့ လွှတ်တော်အမတ်တွေဟာ ကိုယ့်လစာ ကိုယ်တိုးမြှင့် ရယူဖို့ ဥပဒေကို ပြင်ဆင်ခဲ့ကြပါတယ်။

အဲဒီ ဥပဒေအတွဲထဲမှာ ဟောသည် တူညီတဲ့ စာပိုဒ်တွေ ပါပါတယ်။ “ဤဥပဒေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်” ဆိုပြီး ပါပါတယ်။ အဲဒီ ပြဌာန်းချက်နဲ့အညီ အမတ်တွေဟာ ကိုယ့်လစာ ကိုယ် ၃ ဆ ကျော် တိုးယူဖို့ ပြင်ခဲ့ကြပြီးပါပြီ။ အခု တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေနဲ့ ပတ်သက်ပြီးတော့ရော မပြင်သင့်ဘူးလား၊ ဒါမှမဟုတ် မဖြည့်စွက်သင့်ဘူးလား။ ကြည့်ကြရအောင်ပါ။

တွက်ကြည့်လိုက်ရင် ဒီနှုန်းအတိုင်း ချီးမြှင့်ငွေတွေပေးရင် ပြည်ထောင်စု အဆင့်ရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်တွေအတွက် တိုင်းပြည် ဘဏ္ဍာငွေထဲက ကျပ်ငွေ ၂ ဘီလျံခွဲလောက် သုံးရမယ့် သဘောပါ။ ပြည်နယ်နဲ့ တိုင်းအဆင့် အမတ်တွေအတွက် ကျပ်ငွေ ၁ ဒသမ ၆၅ ဘီလျံလောက် သုံးရပါမယ်။ အမတ် အားလုံးပေါင်းအတွက် စုစုပေါင်း ပေးရမယ့်ငွေဟာ ကျပ်ငွေ ၄ ဘီလျံကျော်ကျော် လိုမယ့်သဘောပါ။ နည်းတဲ့ ငွေမဟုတ်ပါဘူး။ နောက် သမ္မတနဲ့ အစိုးရအဖွဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကိုပါ ပေးရင် လူနည်းပေမယ့် လစာငွေများတာကြောင့် နောက်ထပ် ကျပ် ၁ ဘီလျံကျော် ကုန်ပါဦးမယ်။ အားလုံးပေါင်းလိုက်ရင် ကျပ်ငွေ ၅ ဘီလျံကျော်ပါ။

ကျန်တာကတော့ အခု ဝိုင်းဝန်း ဝေဖန်နေကြသလိုပါပဲ။ ဒီ ၅ ဘီလျံကျော်သော ငွေတွေကို အစိုးရ ဘတ်ဂျက်ကနေ စိုက်ပြီးပေးရမယ်၊ တစ်နည်း ပြည်သူတွေရဲ့ အိတ်ထောင်ထဲကနေ စိုက်ထုတ်ပြီး ပေးရတဲ့ သဘောပါ။ အစိုးရ ဘတ်ဂျက် လိုငွေက များ၊ တိုင်းပြည်ကလည်း ဆင်းရဲ၊ အဲလို ပေးရရင် ငွေဖေါင်းပွပြီး ပြည်သူတွေ ထပ်ပြီး အခက်အခဲဖြစ်ရမယ့် အခြေအနေလည်း ရှိနေတာကြောင့် မယူသင့်ဘူးလို့ ပြောနေ ဝေဖန်နေကြတာပါ။ အမတ်တွေ ကိုချည်းပဲ ဝေဖန်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်သူလူထု အကျိုးအတွက် ဒီငွေ မပေးရအောင် လုပ်နိုင်တာက သူရဦးရွှေမန်းနဲ့ လက်ရှိ ပြည်ထောင်စုအဆင့် အမတ်တွေမှာ တာဝန် အရှိဆုံးပါ။ ကိုယ့်လစာကိုယ် သုံးဆလောက် တိုးခဲ့တာ လုပ်တုန်းကလို အခု တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင် ချီးမြှင့်ငွေကိုလည်း မယူသင့်သေးကြောင်း ဥပဒေ ပြင်ဆင်တာ၊ ဖြည့်စွက်တာ တစ်ခုခု လုပ်ဖို့ပါပဲ။ ပြည်သူတွေ မထောက်ခံလို့ မဲမရခဲ့တဲ့ အမတ်တွေဟာ တာဝန်က အနားယူကာနီးမှာ ပြည်သူတွေရဲ့ အကျိုးကို တစ်ခုခု လုပ်ပေးသွားသင့်ပါတယ်။

ဒီလိုမှမဟုတ်ရင် အမတ်တွေကို ရွေးကောက်ပွဲမှာ ရှုံးပြီး လွှတ်တော်ထဲက မထွက်ခွာခင် ပြည်သူ့ဘဏ္ဍာထဲကနေ ရယူ၊ ငွေထုတ်ပိုက်ပြီး ထွက်သွားကြတဲ့ သဘော ဖြစ်နေပါဦးမယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီးရင်း ဆန့်ကျင်သူတွေ ဖြစ်သွားကြပါလိမ့်မယ်။ ဒါကို အဓိက လုပ်ကိုင်ရမှာဟာ ပြည်ခိုင်ဖြိုးအမတ်တွေပဲ ဖြစ်တာကြောင့် အခု လုပ်ရပ်အပေါ် မရှက်ကြဘူးလားလို့ပဲ ထပ်ပြီး မေးလိုက်ချင်ပါတော့တယ်။

ဆက်စပ် ဆောင်းပါး - “ငွေထုတ်ပိုက်ပြီးမှ ထွက်သွားကြဖို့ လုပ်တာ ပြည်ခိုင်ဖြိုးအမတ်တွေ မရှက်ကြဘူးလား။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required