ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားမှုအပေါ် ၀' အဖွဲ့အတွင်း မဆွေးနွေးရသေး

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားမှုအပေါ် ၀' အဖွဲ့အတွင်း မဆွေးနွေးရသေး

ဒီဇင်ဘာလ ၂၂ ရက် ချင်းမိုင်(မဇ္ဈိမ)။            ။ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်က ဝ' ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပူးပေါင်းပါဝင်ရန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် လာရောက်ဖိတ်ကြားခဲ့သည်ဟု UWSA က ပြောသည်။

အစိုးရ၏ ဖိတ်ကြားမှုနှင့် ပတ်သက်၍ UWSA အတွင်း ယနေ့ထိ ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း ဝ' အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ကျောက်ကောအန်းက ပြောသည်။

“သူက (ဦးသိန်းဇော်) က နောက်လ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတက်ဖို့ လာဖိတ်တာ။ တက်မယ်၊ မတက်ဘူးဆိုတာ ကျနော်တို့ထဲမှာ မဆွေးနွေးသေးဘူး။ လက်မှတ်ထိုးဖို့ သူက ပြောတော့ ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ က မထိုးသေးဘူး။” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်က ရှမ်းပြည်နယ် ပန်ဆန်းမြို့သို့ ဦးသိန်းဇော်ဦးဆောင်သော အဖွဲ့သည် ဝ' အဖွဲ့ကို ပြည်ထာင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားကြောင်း ဒီဇင်ဘာလ ၂၂ ရက်ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

“လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို ကျင်းပရန် ရှိပါကြောင်း၊ ပြည်ထောင်စု၏ ငြိမ်းချမ်းရေး ခရီးလမ်းတွင် အစဉ်အလာ ရှိသည့် ဝ' တိုင်းရင်းသား ခေါင်းဆောင်များအား ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် ဖိတ်ကြားပါကြောင်း” ဦးသိန်းဇော်က ဆွေးနွေးပွဲတွင် ပြောကြားခဲ့ သည်။

ပြည်ထောင်စု ငြိမ်းချမ်ေးရးဆွေးနွေးပွဲနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတွင် အချိန်မရွေး ပါဝင်လာနိုင်ရန် ဝ' အဖွဲ့အတွက် တံခါးဖွင့်ထားကြောင်းနှင့် ငြိမ်းချမ်းရေးခရီးလမ်းကို ခိုင်ခိုင်မာမာဖြင့် တိုက်ခိုက်မှုများ ရပ်စဲပြီး ညှိနိုင်း ဆွေးနွေး သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကို လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း ပြောဆိုကြောင်း သိရသည်။

ထာဝရ ငြိမ်းချမ်းရေးမရရှိသေးမီ ကြားကာလတွင် လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား ပူးတွဲနေထိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်ရန်၊ နယ်မြေဒေသအလိုက် ဆောင်ရွက်မည့် အမျိုးသားအဆင့်နှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်မည့် ပြည်ထောင်စုအဆင့်ဟူ၍ နိုင်ငံရေးဆွေးနွေးပွဲများကို ဆောင်ရွက်သွားရန် ရှိသည်ဟု သိရသည်။

ဆွေးနွေးပွဲသို့ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စပ်အောင်မြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ တြဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အရှေ့မြောက် တိုင်းမှူးတို့ပါဝင်ပြီး ဝ အထူးဒေသ (၂ ) မှ ဒုဥက္ကဌ ဦးရှောက်မင်လျံ၊ ဒုအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရီတို့ တက်ရောက်ခဲ့သည်။

ဝ' အဖွဲ့မှ ဒုဥက္ကဌ ဦးရှောက်မင်လျံက သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် တိုးတက်မှုများအပေါ် ထောက်ခံကြိုဆိုပြီး တပ်မတော်နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်နှင့် ယုံကြည်မှု တိုးမြှင့်ရန် ဆန္ဒရှိသည်ဟု ပြောသည်။

ဝ' ဒေသသည် မြန်မာနိုင်ငံ၏ အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဝ' ဒေသအနေဖြင့် ခွဲထွက် သည့် မူမျိုးကို ဆောင်ရွက်မည်မဟုတ်ဘဲ ငြိမ်းချမ်းရေးလမ်းကို ဆက်လက်လျှောက်လှမ်းသွားမည်ဟု ပြောကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

ဝ' အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အင်အားအကြီးဆုံးအဖွဲ့ဖြစ်ပြီး၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့သော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ကိုမူ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်ထိ ဝ' ဌာနချုပ် ပန်ဆန်းတွင် NCA လက်မှတ်မရေးထိုးသေးသည့် အဖွဲ့အစည်းများ နှင့် ထိပ်သီးအစည်းအဝေးကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ   ပြင်ဆင်ရန်၊ တက်လာမည့် အစိုးရသစ်နှင့် တစ်နိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီးတစ်ရပ် ပေါ်ပေါက်လာရေး ပူးပေါင်းဆောင်ရွက်ရန်၊ ပင်လုံကတိကဝတ်ကို အခြေခံ သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု ုကြီးကို မဖြစ်မဖြစ် ဖော်ဆောင်သွားရန် အပါအဝင် အချက် ၇ ချက်တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required