တရုတ်နိုင်ငံဘက်က နယ်စပ်မျဉ်း ကျူးကျော်နေမှု ဖြေရှင်းပြီးမှ ဟိုဆောင်ဂိတ် ဖွင့်နိုင်မည်

တရုတ်နိုင်ငံဘက်က နယ်စပ်မျဉ်း ကျူးကျော်နေမှု ဖြေရှင်းပြီးမှ ဟိုဆောင်ဂိတ် ဖွင့်နိုင်မည်
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မူဆယ် တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအား ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

နေပြည်တော် (မဇ္ဈိမ)။ ။ တရုတ်-မြန်မာ နှစ်နိုင်ငံ ဖြတ်သန်းသွားလာမှုများ လျင်မြန်ချောမွေ့စေရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်စေရန် ရွှေလီမြို့နှင့် မူဆယ်မြို့နယ်စပ် ဂိတ်များတွင် ဟိုဆောင်နယ်မြေ၌ အပြည်ပြည် ဆိုင်ရာဂိတ်အဆင့်ရှိ တံခါးပေါက်ကို တရုတ်နိုင်ငံဘက်က ကျူးကျော်ထားသည့် နယ်နိမိတ်မျဉ်း ကိစ္စကို ပြီးပြတ်အောင် ညှိနှိုင်းဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်ပေးနိုင်မည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့ဝင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“ဟိုဆောင်နယ်မြေမှာ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ထွက်ပေါက် ဖွင့်လှစ်ပေးရေးမှာ ကုန်သွယ်မှု ကဏ္ဍ၊ ခရီးသွားလာရေး ကဏ္ဍများမှာ အကျိုးရှိနိုင်လို့ဆောင်ရွက်သင့်သော်လည်း နယ်နိမိတ် ညှိနှိုင်းရေးကိစ္စများ ယခုတိုင် သဘောတူညီမှု မရသေးသဖြင့် နိုင်ငံရေး၊ ကာကွယ်ရေးအရ အရေးကြီးသည့် ကိစ္စရပ်ဖြစ်၍ နယ်နိမိတ် ညှိနှိုင်းရေး ကိစ္စ သဘောတူပြီးမှသာ ဆက်လက် ဆောင်ရွက်နိုင်ပါမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက မူဆယ်မြို့နယ်အမတ်၏ အမေးကို ဖြေကြားရာတွင်  ထည့်သွင်းပြောကြား သည်။

မူဆယ်မြို့နယ်အမတ် ဦးစိုင်းဘိုးအောင်က မူဆယ်မြို့တော်ရွက်ရပ်ကွက် ဟိုဆောင်နယ်မြေတွင် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ထွက်ပေါက် ဂိတ်တစ်ခု ဖွင့်လှစ်ပေးရန် မည်ကဲ့သို့ စီမံဆောင်ရွက်ပေး မည်နည်းဟု မေးမြန်းခဲ့သည်။

ထိုသို့ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် ဖွင့်လှစ်နိုင်ပါက လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်များ၊ ပြည်ဝင်ဗီဇာကိစ္စများ တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း၊ တတိယနိုင်ငံသားများအတွက် စစ်ဆေးရေးစခန်း သတ်မှတ်၍ ဝင်ထွက်ကိစ္စရပ်များ သီးသန့်ကိုင်တွယ် ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ခရီးသွားလုပ်ငန်းများ တိုးတက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ဦးစိုင်းဘိုးအောင်က တင်ပြခဲ့သည်ကို ဒုတိယဝန်ကြီးကလည်း ထောက်ခံပြောကြားခဲ့သည်။

သို့ရာတွင် “နယ်စပ်ဂိတ် ဖွင့်လိုတဲ့ နယ်နိမိတ်မှတ်တိုင်အမှတ် ၈၂ နဲ့ ၈၃ ကြားမှာ နယ်နိမိတ်မျဉ်းရဲ့ တစ်ဘက် တစ်ချက်စီ နှစ်ဘက် ၁၀ မီတာ အကြားမှာ အဆောက်အအုံ အခိုင်အမာ မဆောက်ရဆိုတဲ့ စည်းကမ်းချက်ကို ကျော်လွန်နေရုံသာ မက မြန်မာ့ပိုင်နက်အတွင်းထိ ကျူးကျော်နေကြောင်း နှစ်ဘက် မြေတိုင်းကျွမ်းကျင်သူတွေက တွေ့ရှိခဲ့ပါတယ်။ ကျော်လွန်နေတဲ့ အစိတ်အပိုင်းများကို ဖျက်ပေးရန် ၂၀၁၁ နိုဝင်ဘာ ၂၉ နဲ့၂၀၁၄ ဒီဇင်ဘာ ၁၆ ရက်တွေမှာ တရုတ်အစိုးရကို အကြောင်းကြား ကန့်ကွက်ခဲ့ပြီး ဖြစ်ပါတယ်” ဟု ဒေါက်တာပွင့်ဆန်းက ရှင်းပြသည်။

တရုတ်ဘက်က ကျူးကျော်နေသည့် အဆိုပါ နယ်နိမိတ်မျဉ်း ဝန်းကျင်မှာပင် ရှမ်းပြည်နယ် အစိုးရနှင့် နယူးစတားလိုက်
ဆောက်လုပ်ရေး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းတည်ဆောက်နေသည့် မူဆယ် ဗဟိုစီးပွားရေးဇုန်တည်ရှိရာ ဖွင့်လှစ်လိုသည့် ဟိုဆောင် ဂိတ်တံခါးသည် မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်း၏ ဇုန်(၁) ဧရိယာတွင်ရှိပြီး ကျယ်ဝန်းသည့် ကားပါကင်များ၊ public area များ၊ နိုင်ငံတကာ ငွေလဲကောင်တာများ၊ duty free shop ဆိုင်များ စသည့် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်တံခါး အင်္ဂါရပ်များနှင့်လည်း ညီညွတ်သည့် ပတ်ဝန်းကျင် ရှိကြောင်း၊ Border gate and Immigration check point အဆောက်အအုံကို New Star ကုမ္ပဏီက ဆောက်လုပ်လှူဒါန်းမည်ဖြစ်ကြောင်း၊ လက်ရှိ ဖွင့်လှစ်ထားသော ဟိုဆောင် ကင်းစခန်းနှင့်လည်း တစ်ဖာလုံခန့်သာ ကွာဝေးကြောင်းတွေ့ရသဖြင့် အဆင့်မြင့် တည်ဆောက်မှုအဖြစ် အတည်ပြု ဆောင်ရွက် သင့်သည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့ရုံးက နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာများကို
နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် နှစ်ဘက် အရင်ညှိနှိုင်းရန် လမ်းညွှန်ထားပြီးဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပြီးပြတ်အောင် ညှိနှိုင်းသဘောတူချက် ရပြီးမှသာ ဟိုဆောင် ဂိတ်ကိစ္စကို ဆက်လက်ဆောင်ရွက်
နိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်ကို ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required