ချယ်လ်ဆီးနည်းပြရာထူးမှ မော်ရင်ဟို ထုတ်ပယ်ခံရ

ချယ်လ်ဆီးနည်းပြရာထူးမှ မော်ရင်ဟို ထုတ်ပယ်ခံရ

ပရီးမီးယားလိဂ်တွင် ရလဒ်များဆိုးရွားနေမှုကြောင့် ချယ်လ်ဆီးအသင်းသည် နည်းပြမော်ရင်ဟိုကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

မော်ရင်ဟိုသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလားနှင့် လိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင် ရလဒ်အလွန်ဆိုးရွားခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်တွင် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် ၁၆ ပွဲ ကစားပြီးချိန်၌ ရမှတ် ၁၅ မှတ်သာ ရရှိပြီး တန်းဆင်းဇုန်မှအသင်းနှင့် တစ်မှတ်အကွာ အဆင့် ၁၆ တွင် ရပ်တည်လျက်ရှိသည်။

ပြီးခဲ့သည့်တနင်္လာနေ့က လက်စတာအသင်းကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တွင် ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်မှာ အရေးပေါ် ဘုတ်အဖွဲ့အစည်းအဝေးခေါ်ယူခဲ့ပြီး မော်ရင်ဟို၏အနာဂတ်ကိုဆွေးနွေးခဲ့သည်။ လျော်ကြေး ပေါင်သန်း ၄၀ ခန့် ပေးချေရမည့်အတွက် မော်ရင်ဟိုကို ထုတ်ပယ်ရန် ချက်ချင်းမဆုံးဖြတ်နိုင်ခဲ့သော်လည်း ယခုနောက်ဆုံး ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်ဖလားရယူပေးပြီးနောက် ၇ လအကြာတွင် ထုတ်ပယ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

ယခုအချိန်တွင် မော်ရင်ဟို၏နေရာ၌ အစားထိုးရန် ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာ၊ ချယ်လ်ဆီးနည်းပြဟောင်း ဟစ်ဒင့်၊ လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာနှင့် စပါးနည်းပြဟောင်း ဂျူအန်ဒီရာမို့စ်တို့ ရေပန်းစားလျက်ရှိနေကြသည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးမှ ဒုတိယအကြိမ်မြောက်ထုတ်ပယ်ခံရခြင်းလည်း ဖြစ်သည်။ ပထမအကြိမ်က ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလားနှစ်လုံး၊ အက်ဖ်အေဖလားတစ်လုံးနှင့် လိဂ်ဖလား နှစ်လုံးရယူပေးခဲ့သည်။ ဒုတိယအကြိမ်မှာ ၂၀၁၃ ခုနှစ်က စတင်တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလားနှင့် လိဂ်ဖလားတစ်လုံးရယူပေးခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required