NFL ကြွယ်ပွင့်ဟောင်း ဂျေဂျေဝပ်နဲ့ ဇနီး ကီလီယာတို့ ချန်ပီယံရှစ်ဆွတ်ခူးတဲ့ ဘန်လေအသင်းမှာ ရင်းနှီးမြှုပ်နှံ

NFL ကြွယ်ပွင့်ဟောင်း ဂျေဂျေဝပ်နဲ့ ဇနီး ကီလီယာတို့ ချန်ပီယံရှစ်ဆွတ်ခူးတဲ့ ဘန်လေအသင်းမှာ ရင်းနှီးမြှုပ်နှံ

NFL ကြယ်ပွင့်ကစားသမားဟောင်း ဂျေဂျေဝပ်နဲ့ သူ့ဇနီး အမေရိကန်ဘောလုံးလက်ရွေးစင်ဟောင်း ကီလီယာတို့ဟာ ဘန်လေအသင်းမှာ ရင်းနှီးမြုပ်နှံဖို့ ကြိုးပမ်းနေကြပါတယ်။

Clarets (အနီရောင်စဉ်တန်းများ)တို့ဟာ ဒီရာသီမှာ ချန်ပီယံရှစ်ကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် အောက်တန်းမှာ တစ်ရာသီထက် ပိုမနေရဘဲ ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်ခွင့်ရခဲ့ပါတယ်။

ဝပ်ဟာ မတ်လက Turf Moor ကွင်းမှာ ဝီဂန်ကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲကို လာရောက်ကြည့်ရှုခဲ့ပါတယ်။

"၁၈၈၂ ကတည်းက တည်ရှိခဲ့တဲ့ ကလပ်တစ်ခုမှာ ရင်းနှီးမြုပ်နှံလိုက်တဲ့အခါ သူ့ရဲ့သမိုင်းနဲ့ အစဉ်အလာကို လေးစားမှုကြီးရှိရပါမယ်"လို့ သူတို့စုံတွဲက ပြောပါတယ်။

“ကျနော်တို့က အသင်းနဲ့ မန်နေဂျာတွေမှာ ရင်းနှီးမြုပ်နှံနေရုံသာမက မြို့နဲ့ ဒီကပြည်သူတွေအတွက်ပါ ရင်းနှီးမြှုပ်နှံနေတယ်ဆိုတာ ကျနော်တို့ နားလည်သိထားပါတယ်။

"ကျနော်တို့ ဒီတာဝန်ယူမှုကို အလွန်အလေးအနက်ထားပြီး သူတို့ယုံကြည်မှုနဲ့ ပံ့ပိုးကူညီမှုတွေရဖို့အတွက် ကြိုးစားလုပ်ဆောင်ဖို့ ရည်ရွယ်ပါတယ်။"

ဂျေဂျေဝပ်ဟာ ဒီဇင်ဘာလက ကစားသမားဘ၀ အနားမယူခင် NFL မှာ အရီဇိုးနား ကာဒီနယ်စ်နဲ့ ဟူစတန် တက္ကဆီအသင်းတို့အတွက် ကစားပေးခဲ့ပြီး တစ်နှစ်တာအကောင်းဆုံး NFL ခံစစ်ကစားသမားအဖြစ်သုံးကြိမ်တိုင်တိုင် ရွေးချယ်ခံခဲ့ရပါတယ်။

ကီလီယာဝပ်ဟာ ဟူစတန်ဒက်ရှ်နဲ့ ချီကာဂို Red Stars တို့အတွက် ကစားခဲ့ပြီး အမေရိကန်လက်ရွေးစင်အသင်းကြီးအတွက် ၃ ပွဲ ကစားထားသလို ဘန်လေရဲ့ အမျိုးသမီးအသင်း ကြီးထွားလာစေဖို့ ကူညီပေးရာမှာလည်း ပါဝင်မှာဖြစ်ပါတယ်။

ဘန်လေအသင်းဥက္ကဋ္ဌ အလန်ပေ့ချ်က သူတို့နဲ့ ဆွေးနွေးမှုတွေဟာ "အချိန်အတော်ကြာခဲ့တယ်"လို့ ပြောပါတယ်။

"ဂျေဂျေနဲ့ ကီလီယာတို့ နှစ်ဦးစလုံးဟာ သက်ဆိုင်ရာ အားကစားရပ်တွေမှာ အမြင့်ဆုံး အောင်မြင်မှုများစွာကို ရယူခဲ့သူတွေပါ။ သူတို့ဟာ အလွန်အောင်မြင်ပြီး လေးစားရတဲ့ အားကစားသမားတွေဖြစ်တဲ့အပြင် Clarets ဇာတ်ကြောင်းကို နိုင်ငံတကာပရိသတ်တွေဆီ ဆက်လက်ပြောပြပေးရာမှာလည်း ကျနော်တို့ကို အထောက်အကူဖြစ်စေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ချိတ်ဆက်မှုတွေရှိပါတယ်"

ဘတ်စကက်ဘောကြယ်ပွင့် လီဘရွန်းဂျိမ်းစ်ဟာ လီဗာပူးလ် ပိုင်ရှင်တွေရဲ့ Fenway Sports Group (FSG)မှာ ရှယ်ယာအနည်းစု ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး အမေရိကန်သရုပ်ဆောင်နဲ့ ထုတ်လုပ်သူ မိုင်ကယ် ဘီဂျော်ဒန်ဟာ ဘုန်းမောက်အသင်းရဲ့ အနည်းစုပိုင်ရှင်ဖြစ်ပါတယ်။

နေရှင်နယ်လိဂ်ချန်ပီယံတွေအဖြစ် လိဂ်-၂ ကို တန်းတက်ခံရတဲ့ ရက်ဇ်ဟမ်း (Wrexham)ဟာ ဟောလီးဝုဒ်ကြယ်ပွင့်တွေဖြစ်တဲ့ Ryan Reynolds နဲ့ Rob McElhenney တို့က ဝယ်ယူပြီးနောက်ပိုင်း ထင်ပေါ်လာကျော်ကြားလာခဲ့ပါတယ်။

"ရော့ [McElhenney] က သူ့ရဲ့ အတွေ့အကြုံတွေအကြောင်း ကျနော့်ကို ပြောဖူးပါတယ်။ သူဘာတွေလုပ်ဆောင်ပြီးမြောက်ခဲ့တယ်ဆိုတာကို သိမြင်မှုတချို့ ရရှိအောင် ကျနော် ကြိုးစားခဲ့ပါတယ်"လို့ ဂျေဂျေဝပ်က ပြောပါတယ်။

"ပြီးတော့ ကျနော် ရိုင်ယန် [Reynolds] နဲ့ စကားပြောခဲ့ပြီး သူ့ရဲ့ အကြံဉာဏ်တွေနဲ့ သူမလုပ်ဖြစ်သေးတဲ့ အရာတွေ၊ လုပ်ခဲ့တာကို သိဖို့ ကြိုးစားခဲ့ပါတယ်။ သိသာထင်ရှားတာက သူတို့ဟာ ရက်ဇ်ဟမ်းအသင်းနဲ့ လုပ်နေတဲ့အရာတွေက မတူညီတဲ့လိဂ်တစ်ခုနဲ့ မတူညီတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေပါတယ်။ ဒါပေမယ့် သူတို့တွေဟာ မယုံနိုင်စရာ အလုပ်တစ်ခုကို လုပ်ဆောင်ပြခဲ့ပါတယ်။"

Sky Sports နဲ့ စကားပြောခဲ့တဲ့ ကီလီယာဝပ်က "ကျမတို့ဟာ အမြဲတမ်း စိတ်အားထက်သန်တဲ့ ဘောလုံးပရိသတ်တွေပါ။ ကျနော့်ခင်ပွန်းက ချယ်လ်ဆီးပရိသတ်တစ်ဦးဖြစ်ခဲ့ဖူးပြီး ကျမကတော့ အာဆင်နယ်ပရိသတ်တစ်ဦးအနေနဲ့ ကြီးပြင်းလာခဲ့တယ်။

"ကျမတို့တွေ ဘန်လေကို သွားခဲ့တယ်၊ ကျမတို့ မြို့ကိုလည်ပတ်ခဲ့ပြီး သဘောကျမိသွားတာပါပဲ။ ဒါက မယုံနိုင်စရာနေရာတစ်ခုလိုပါပဲ။

"မန်နေဂျာ ဗင်းဆင့် [ကွန်ပနီ] က သူ့အသင်းနဲ့ လုပ်ခဲ့တာတွေက မယုံနိုင်စရာပါပဲ။ နောက်ရာသီကို စောင့်ကြည့်ဖို့ ကျမတို့ မစောင့်နိုင်တော့ပါဘူး။"

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required