ထိုင်ဝမ်သို့ ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံဘိုး လက်နက်ရောင်းချရန် အိုဘားမားအစိုးရအဖွဲ့ခွင့်ပြု

ထိုင်ဝမ်သို့ ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံဘိုး လက်နက်ရောင်းချရန် အိုဘားမားအစိုးရအဖွဲ့ခွင့်ပြု

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၇ ။            ။ ဖရီးဂိတ်စစ်သင်္ဘောနှစ်စင်း၊ တင့်ဖျက်ဒုံးကျည်များ၊ ကုန်းရေနှစ်သွယ်သွား တိုက်ခိုက်ရေးယာဉ်များနှင့် အခြားလက်နက် ကိရိယာများအပါအဝင် ထိုင်ဝမ်သို့ ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံတန်ဘိုးရှိ လက်နက်များရောင်းချမည့် အစီအစဉ်တစ်ခုကို အိုဘားမားအစိုးရအဖွဲ့က ကွန်ဂရက်သို့ ဒီဇင်ဘာ ၁၆က တရားဝင်အသိပေးခဲ့သည်။ ယင်းသတင်းက တရုတ်၏ ဒေါသတကြီး တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့သည်။

ယင်းသို့ရောင်းချရန် နီးနေပြီဖြစ်သည်ကိုလည်း ဒီဇင်ဘာ၁၄က ရိုက်တာက အစီရင်ခံခဲ့သေးသည်။ ထိုင်းဝမ်သို့ရောင်းချရန် အတည်ပြုသည့် ဥပဒေကို ကွန်ဂရက်က ပြဋ္ဌာန်းလိုက်ပြီးနောက် တစ်နှစ်အကြာ ရောင်းချရန်ခွင့်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းမှာ လေးနှစ်ကျော်ကာလအတွင်း ထိုင်ဝမ်သို့ ကြီးမားသည့် လက်နက်ရောင်းချမှုဖြစ်သည်။ သို့သော်လည်း ကြာရှည်စွာတည်ရှိနေသည့် အမေရိကန်၏ တရုတ်တစ်နိုင်ငံတည်းပေါ်လစီမှာမူ ပြောင်းလဲမှု မရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။ ယခင်က ထိုင်ဝမ်သို့ အမေရိကန်က လက်နက်ရောင်းချမှုများကိုလည်း တရုတ်က ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ ထိုင်ဝမ်ကို ၎င်းက သင်းကွဲပြည်နယ်တစ်ခုအဖြစ် ယူဆထားသည်။

ယခုရောင်းချခွင့်ပြုခြင်းမှာ ပြဋ္ဌာန်းပြီးဖြစ်သည့် Taiwan Relation Act ဥပဒေအရ စုစုပေါင်း ဒေါ်လာ၁၂ဘီလျံဘိုးရောင်းချရေး အရ ထပ်မံရောင်းချခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က ဆိုသည်။ "ထိုင်ဝမ်ကို လက်နက်ရောင်းချမှုနဲ့ ပတ်သက်တဲ့ ရေရှည်တည်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ပေါ်လစီက အမေရိကန်အစိုးရ ခြောက်ဆက်စလုံး တစ်သမတ်တည်းပါပဲ"ဟု အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရအမျိုးသား မိုင်းလ်စ်ကက်ဂင်းစ်က ပြောသည်။ "ကျွန်တော်တို့ရဲ့ တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ ပေါ်လစီကတော့ မပြောင်းလဲပါဘူး"ဟု ၎င်းက ထပ်မံပြောသည်။

ဝါရှင်တန်အနေဖြင့် တရုတ်၏ ခွဲထွက်နိုင်ငံတစ်ခုအဖြစ် အသိအမှတ်မပြုသော်လည်း Taiwan Relations Act ဥပဒေအရ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ရေးအတွက်ကိုမူ အာမခံပေးထားသည်။ ရောင်းချမှု မှာတောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုမြင့်မားနေသည့်အချိန်တွင် ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။ ပိုင်နက်နယ်မြေချဲ့ထွင်ရေး ကြိုးပမ်းသည့်အနေဖြင့် တရုတ်က လူလုပ်ကျွန်းများတည်ဆောက်နေခြင်းကို ဝါရှင်တန်က ဝေဖန်လျက်ရှိသည်။

ယင်းသို့ရောင်းချမှုကို ဆန့်ကျင်ကန့်ကွက်ရန် ပေကျင်းရှိ အမေရိကန်သံမှူး ကေးလီကို တရုတ်က ဆင့်ခေါ်ခဲ့ပြီး ရောင်းချမှုတွင် ပါဝင်သော ကုမ္ပဏီများကို ဒဏ်ခတ်အရေးယူမည်ဟုလည်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required