စစ်ကောင်စီဘက်က မီးစိမ်းမပြသေး၍ တယ်လီနောမြန်မာကို M1 ထံ ရောင်းချမှုက မရေမရာဖြစ်နေ

By MGR Online
10 September 2021
စစ်ကောင်စီဘက်က မီးစိမ်းမပြသေး၍ တယ်လီနောမြန်မာကို M1 ထံ ရောင်းချမှုက မရေမရာဖြစ်နေ

တယ်လီနောက မြန်မာနိုင်ငံရှိ ယင်း၏ ဆက်သွယ်ရေးလုပ်ငန်းကို လက်ဘနွန် ဆက်သွယ်ရေးကုမ္ပဏီ M1 ထံ လက်လွှဲရောင်းချရန် ပြီးခဲ့သည့် နှစ်လခန့်က သဘောတူညီချက် ရရှိခဲ့သည်။ သို့သော် ယခုအခါ လုပ်ငန်းရောင်းချမှု သဘောတူညီချက်သည် အဟန့်အတားများနှင့် ကြုံတွေ့ရနိုင်စရာ ရှိနေသည်။

ဇူလိုင်လ အစောပိုင်းက သဘောတူထားခဲ့သည့် တယ်လီနောမြန်မာကို M1 ထံ ရောင်းချမှု သဘောတူညီချက်သည် ယခုအခါ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း Nikkei Asia က စက်တင်ဘာ ၇ ရက်တွင် ဖော်ပြသည်။ ယင်းသို့ ဖြစ်ရခြင်း၏ အကြောင်းမှာ ထိုအရောင်းအဝယ် သဘောတူညီချက်ကို မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေအောက်တွင် လက်ရှိအချိန်အထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MoTC) နှင့် ရင်းနှီးမြှုပ်နှံမှု ‌ကော်မရှင် (MIC) တို့ထံမှ အတည်ပြုချက် မပေးသေးခြင်းကြောင့် ဖြစ်သည်။

ဤကဲ့သို့သော စတော့ အရောင်းအဝယ် သဘောတူညီချက်ကို MIC နှင့် သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ကြီးဌာနများက အတည်ပြုပေးရမည် ဖြစ်သည်။ တရားဝင် ဖြစ်လာစေမှု မတိုင်မီ ရက် ၆၀ အတွင်း အစိုးရအဖွဲ့၏ အတည်ပြုချက် ရရန် အဆိုပြုတင်သွင်းရမည် ဖြစ်သည်။ သို့သော် တရားဝင် ရက် ၆၀ deadline (နောက်ဆုံးရက်) သည် ယခုအခါ နီးကပ်လာနေပြီ ဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်သည့် MoTC နှင့် MIC တို့သည် ယခုထက်ထိ နှုတ်ဆိတ်နေဆဲဖြစ်သည်။

လက်ရှိ အခြေအနေအောက်တွင် ယင်း သဘောတူညီချက်၏ အပြီးသတ်နောက်ဆုံးအဆင့်ကို အတည်ပြုမည့် အဖွဲ့သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ရှိနေသည့် အာဏာသိမ်းစစ်ကောင်စီ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၈ ရက်တွင် နော်ဝေကုမ္ပဏီ တယ်လီနော ဂရု(ပ်) က မြန်မာနိုင်ငံရှိ ယင်း၏ လုပ်ငန်းကို လက်ဘနွန် အခြေစိုက် တယ်လီကွန်းလုပ်ငန်းကြီး M1 Group ထံ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချရန် သဘောတူညီခဲ့သည်။ Nikkei Asia က ဖော်ပြသည့် သတင်းတစ်ရပ်အရ အဆိုပါ သဘောတူညီချက်နှင့်ပတ်သက်သည့် အတားအဆီးများကို နိုင်ငံတကာ နိုင်ငံရေး အခြေအနေ ကဲ့သို့ အကြောင်းရင်းများအတွက် ခွဲခြမ်းစိတ်ဖြာထားခဲ့ကြောင်း သိရသည်။

တယ်လီနော မြန်မာနှင့် Yoma Group အကြား ဖက်စပ်လုပ်ငန်းဖြစ်သည့် Wave Money ကို ပြီးခဲ့သည့် တစ်နှစ်ကျော်အကြာက တန်ဖိုးဖြတ်ထားခဲ့ရာ ယင်းက တယ်လီနောမြန်မာကို တစ်ဖန် တန်ဖိုးဖြတ်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
Wave Money သည် မြန်မာ၏ အကြီးဆုံး ငွေလွှဲပြောင်းမှုနှင့် ငွေပေးချေမှုစနစ် ထောက်ပံ့ရေးလုပ်ငန်း ဖြစ်သည်။ ယင်းကို ၂၀၁၅ ခုနှစ်က တယ်လီနောမြန်မာနှင့် ဘီလျံနာ Serge Pun ၏ Yoma Group အကြား ၅၁-၄၉ ရာခိုင်နှုန်း ဖက်စပ်လုပ်ငန်းတစ်ခုအဖြစ် ထူထောင်ခဲ့သည်။

၂၀၂၀ မေလ ၁၈ ရက်တွင် တယ်လီနော မြန်မာသည် Wave Money ထံမှ ရုပ်သိမ်းထွက်ခွာရန် စီစဥ်နေကြောင်းနှင့် တချိန်တည်းမှာပင် တရုတ်သူဌေးကြီး ဂျက်မား တည်ထောင်ထားသည့် Alipay payment အက်ပလီကေးရှင်း ဝန်ဆောင်မှုလုပ်ငန်း Ant Group က Wave Money တွင် ရှယ်ယာ ၃၃ ရာခိုင်နှုန်း ဝယ်ယူရန် စီစဥ်ထားသည်ဟု Wave Money က ကြေညာခဲ့သည်။ 

နောက်ပိုင်း ဇွန်လ ၂၄ ရက်တွင် Wave Money တွင် တယ်လီနောမြန်မာ ထိန်းသိမ်းရယူထားသည့် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဒေါ်လာ ၇၆ ဒသမ ၅ သန်းဖြင့် ဝယ်ယူမှုအတွက် ပြင်ဆင်မှုအဖြစ် Wave Holdco တည်ထောင်မှုကို Yoma Group က ကြေညာခဲ့သည်။ ထိုဝယ်ယူမှုက Wave Money တွင် Yoma Group ကို ၁၀၀ ရာခိုင်နှုန်း အဓိကရှယ်ယာတစ်ရပ် ရစေပြီး ယင်းနောက် ရှယ်ယာ ၃၃ ရာခိုင်နှုန်းကို Ant Group ထံ ရောင်းချရန် သီးသန့်ထားရှိခဲ့သည်။

ယင်းအချိန်က Ant Group သည် ယင်း၏ ရှယ်ယာများကို အများကို ထုတ်ရောင်းမည့် IPO တစ်ခုကို စီစဥ်နေခဲ့သည်။ ယင်းကို နိုဝင်ဘာ အစောပိုင်းက ရှန်ဟိုင်းနှင့် ဟောင်ကောင် စတော့အိတ်စ်ချိန်းများတွင် စာရင်းသွင်းထားခဲ့သည်။ Ant Group ကို ရှန်ဟိုင်းနှင့် ဟောင်ကောင် စတော့အိတ်စ်ချိန်းများတွင် စာရင်းသွင်းထားပြီးနောက် Ant Group က ချမှတ်လုပ်ဆောင်ထားခဲ့သည့် လုပ်ဆောင်ချက်များနောက်ပိုင်းတွင် Yoma Group က Wave Holdco နှင့် တယ်လီနောမြန်မာအကြား Wave Money ရှယ်ယာ သဘောတူညီချက်ကို ချက်ချင်းဆက်လုပ်ရန် ရှိခဲ့ပြီး Ant Group က Wave Money တွင် ရှယ်ယာများကို အဆင်ပြေပြေ ရယူနိုင်စေရေး လမ်းခင်းပေးရန် ရှိနေခဲ့သည်။

သို့သော် Ant Group ကို IPO  ရပ်ဆိုင်းရေး တရုတ်အစိုးရက ရုတ်ခြည်း အမိန့်ထုတ်ခဲ့ရာ စတော့စျေးကွက်တွင် စာရင်းသွင်းမည့် အစီအစဥ်ကို ရပ်တန့်စေခဲ့သည်။ အကျိုးဆက်အနေဖြင့် Wave Money တွင် ရှယ်ယာများ ဝယ်ယူမည့် အစီအစဥ်ကိုလည်း ရပ်ဆိုင်းထားခဲ့ရသည်။

ယင်းအတွက်ကြောင့် တယ်လီနောမြန်မာက Wave Money ရှိ ယင်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Wave Holdco ထံ ဒေါ်လာ ၇၆ ဒသမ ၅ သန်းဖြင့် ‌ရောင်းချသည့် အစီအစဥ်သည် ယခုနှစ် ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုမတိုင်မီ နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့ခဲ့ပြီး တန်ဖိုးဖြတ်မှု ဆက်ရှိနေခဲ့သည်။

မြန်မာအာဏာသိမ်းမှုက တယ်လီနောမြန်မာ၏ စီးပွားရေးလုပ်ငန်းကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပြီး ယင်း၏ နော်ဝေအခြေစိုက် မိခင်ကုမ္ပဏီက မြန်မာရှိလုပ်ငန်းကို ဒေါ်လာ သန်း ၇၅၀ အရှုံးစာရင်းပြခဲ့ရသည်။ တယ်လီနောမြန်မာကို M1 ထံ ဒေါ်လာ ၁၀၅ သန်းဖြင့် ဇူလိုင်လအစောပိုင်းက ရောင်းချရန် သဘောတူမှုမတိုင်မီ တယ်လီနောမြန်မာက Wave Holdco ထံ ဒေါ်လာ ၇၆ ဒသမ ၅ သန်းဖြင့် ရောင်းချရန် ရည်ရွယ်ထားသော Wave Money ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ခန့်မှန်းခြေအားဖြင့် ၃၄ ဒသမ ၂ ရာခိုင်နှုန်းသို့ လျှော့ချရနိုင်ပြီး ယင်း၏ ရလဒ်အဖြစ် တယ်လီနောမြန်မာ၏ M1 နှင့်အကြား  ရောင်းချမှုသဘောတူညီမှုကို တစ်ဖန် ပြန်လည်သုံးသပ်မှုကို ဖြစ်စေနိုင်ကြောင်း Nikkei Asia က ခန့်မှန်းခဲ့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly