ဓနိမိုး ထရံကာနဲ့ ၁၀ ပေပတ်လည် အခန်းခက တစ်သိန်းခွဲ ဘယ်မှာလဲ

ဓနိမိုး ထရံကာနဲ့ ၁၀ ပေပတ်လည် အခန်းခက တစ်သိန်းခွဲ ဘယ်မှာလဲ
Photo - demowaiyan website

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်မှာနေတဲ့ ဒေါ်ခင်ဆွေဝင်း ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံရရှိခဲ့ပါတယ်။ သူဟာ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ရုံးပိတ်ရက် အားလပ်ရက်တွေမှာ မြန်မာပြည်အနံှ့ ဘုရားဖူးခရီး သွားလေ့ရှိသူ တစ်ဦးဖြစ်တယ် လို့ ဆိုပါတယ်။

မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာရေးရခြင်း အကြောင်းကတော့ မြန်မာပြည်မှာ တန်ခိုးကြီး ဘုရားတွေ အများကြီး ဖူးမျှော်ခဲ့ရာမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူူးမြို့နယ်က ရွှေစက်တော် ဘုရားပွဲကို သွားရောက် ဖူးမျှော်ရာမှာ တွေ့ကြုံရတဲ့ ဘုရားဖူးတွေနဲ့ အခက်အခဲကို ပြောပြချင်လို့ စာရေးပေးပို့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

သတင်းစာထဲမှာ ရွှေစက်တော်အတွက် ကြိုတင်ပြင်ဆင်နေပြီး မန်းချောင်း စံချိန်တင် ရေကြီး ရေလျှံမှုကြောင့် ယခင်နှစ်များထက် အခက်အခဲများ ရှိနေဆိုတာကို ဖတ်လိုက်ရလို့ ရွှေစက်တော် ဘုရားပွဲကို သွားရောက်ခဲ့တာ သတိရမိပြီး စာရေးချင်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်စဉ် တပို့တွဲ လဆန်း ၅ ရက်နေ့ကနေ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပတဲ့ မြန်မာပြည်မှာ ရက်အရှည်အ ကြာဆုံး ကျင်းပတဲ့ ဘုရားပွဲဖြစ်ပြီး တဲကျောင်းနှင့် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်နဲ့ အလွန်စည်ကားတဲ့ ဘုရားပွဲ ဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ဘုရားဖူးတွေဟာ ရွှေစက်တော်ဘုရားကို ရစ်ခွေ စီးဆင်း နေတဲ့ မန်းချောင်းရဲ့ နံဘေးက တဲကျောင်းတွေမှာ ညအိပ်တည်းပြီးမှ ဖူးမျှော်ကြရတာ ဖြစ်တယ်လို့ ရေးပါတယ်။

တဲကျောင်းဟာ အခင်းအကာက ဝါးနဲ့ အမိုးက ဓနိမိုးဖြစ်ပြီး တဲကျောင်းရှည်ကြီးဆောက် လို့ အခန်းတစ်ခန်းကို ၁၀ ပေပတ်လည် ရှိပါတယ်။ ချောင်းကို မျက်နှာလှည့်ထားတဲ့ဘက် အခန်းခက အတွင်းပိုင်းဘက်က အခန်းခထက် ဈေးပိုကြီးပြီး ပုံမှန်အချိန်မှာ တစ်သိန်းပတ်ဝန်းကျင်ရှိလို့ အစိုးရရုံး ပိတ်ရက်တွေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးတဲ့ အချိန်တွေမှာ တစ်နိုင်ငံလုံးက လာရောက်ကြလို့ ပွဲတော်ကွင်း ပြည့်လျှံတဲ့ အချိန်ဆိုရင်တော့ တစ်သိန်းခွဲအထိ ပေးကြရပါတယ်လို့ ဆိုပါတယ်။

သူတို့ ဘုရားဖူးတွေမှာ အချို့သာ ငွေရေးကြေးရေး တက်နိုင်ကြပေမယ့် အများစုက ဝန်ထမ်း တွေ၊ လက်လုပ်လက်စားတွေ ဖြစ်ပြီး ငွေကို အလျှံပယ် သုံးစွဲနိုင်ကြသူများ မဟုတ်ကြတဲ့အတွက် တည်းခိုတဲ့ စရိတ်တွေ အများကြီး ကုန်ကျမခံနိုင်သူတွေ ဖြစ်ကြပါတယ်။ ဘုရားဖူးသူတွေဟာ အစား အသောက်ကို ချွေတာနိုင်ကြပေမယ့် တည်းခိုရမယ် ညအိပ်ရမယ့် နေရာကိုတော့ မဖြစ်မနေ တည်းကြ ရတာကြောင့် ငွေကြေးခက်ခဲကြရတယ်လို့ ပြောပါတယ်။

ဒါကြောင့် ဘုရားပွဲတော် ကျင်းပတဲ့ တာဝန် ရှိသူ လူကြီးမင်းများအနေနဲ့ ဘူရားဖူးတွေကို သက်သာတဲ့ နှုန်းထားနဲ့ တည်းခိုနိုင်အောင် စီစဉ်ပေးစေ ချင်ပါတယ်။ သန့်စင်ခန်းတွေကိုလည်း ယခုထက်ပိုပြီး သန့်ရှင်းအောင် ပြုလုပ်ပေးနိုင်ဖို့လိုပြီး တိုးချဲ့ ဆောက်လုပ်ပေးစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ မနက်မိုးလင်းတာနဲ့ သန့်စင်ခန်းမှာ စောင့်နေရတဲ့ အချိန်က ကြာမြင့်တဲ့အတွက် ခရီးသွားတွေမှာ ခရီးဆက်ဖို့ ဘုရားဖူးဖို့အတွက် အခက်အခဲများစွာ ကြုံတဲ့အတွက် သန့်ရှင်းသပ်ယပ်ပြီး အဆင်မြင့်တဲ ပွဲတော်တစ်ခု ဖြစ်စေချင်တာကြောင့် ဒီစာကို ရေးခဲ့တာပါလို့ ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required