“ငွေထုတ်ပိုက်ပြီးမှ ထွက်သွားကြဖို့ လုပ်တာ ပြည်ခိုင်ဖြိုးအမတ်တွေ မရှက်ကြဘူးလား။”

“ငွေထုတ်ပိုက်ပြီးမှ ထွက်သွားကြဖို့ လုပ်တာ ပြည်ခိုင်ဖြိုးအမတ်တွေ မရှက်ကြဘူးလား။”

အခုရက်ပိုင်း လွှတ်တော်ဘက်က ထွက်လာတဲ့ သတင်းတွေထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ သိပ်မကြာခင် သက်တမ်းကုန်တော့မယ့် လွှတ်တော်အမတ်တွေကို နိုင်ငံရေးပင်စင် ပုံစံ တစ်လုံးတစ်ခဲထဲ ချီးမြှင့်ငွေ ပေးဖို့ စီစဉ်နေတယ်ဆိုတဲ့ ကိစ္စပါ။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း လွှတ်တော်အမတ်တွေဟာ ကိုယ့်လစာငွေကို ကိုယ် တစ်လ ကျပ် ၃ သိန်းကနေ ၁၀ သိန်းအထိ တိုးမြှင့်ဖို့ ကိုယ့်ဖာသာကိုယ် ဥပဒေပြဌာန်း ရယူခဲ့ကြပြီးပါပြီ။

အခုလည်း သက်တမ်းကုန်ဆုံးတော့မယ့်အချိန် တစ်လုံးတစ်ခဲတည်း ငွေရအောင် ကြိုးစားနေကြတာမို့၊ ဒီကိစ္စမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေ မရှက်တတ်ကြတော့ဘူးလား လို့ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။

တကယ်တော့ လွှတ်တော်အမတ် တာဝန်ထမ်းဆောင်တယ်ဆိုတာ ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တာ ဖြစ်တဲ့အတွက် တိုင်းပြည် တာဝန်ထမ်းဆောင်ခြင်းမည်ပါတယ်။ အခြားသော ပြည်သူ့ဘဏ္ဍာ လခ စားတဲ့ တပ်မတော်သား၊ ဝန်ထမ်း စတဲ့လူတွေနဲ့ ဘာမှ မခြားနားပါဘူး။ တပ်မတော်သားတွေဆိုရင် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရတာမျိုး၊ အသက်ပင် ပေးရတာမျိုးတောင် ရှိပါတယ်။ အလားတူ အရပ်သားဝန်ထမ်း လုပ်သူတွေထဲမှာလည်း ပညာနဲ့ အလုပ်လုပ်သူတွေ၊ ကျွမ်းကျင်မှုနဲ့ အလုပ်လုပ်သူတွေ၊ စွန့်လွှတ်စွန့်စားရသူတွေ အမျိုးမျိုးရှိပါတယ်။

လွှတ်တော်အမတ်တွေဆိုတာဟာလည်း အဲဒီ သဘောပါပဲ။ ပြောရရင် လွှတ်တော်အမတ်တွေဟာ အဲဒီ အချိန်ပြည့် ဝန်ထမ်းတွေထက်တောင် လွတ်လပ်ပါသေးတယ်။ လွှတ်တော်အစည်းအဝေးဆိုတာ ဆယ့်နှစ်လ လုံးလုံး ကျင်းပနေတာ မဟုတ်ပါဘူး။ လိုအပ်ရင် အကြောင်းကြီးငယ်ပေါ်ရင် ခွင့်လည်း ယူလို့ ရပါတယ်။ အခုတော့ အဲလို အမတ်တာဝန် ၅ နှစ်လောက် လုပ်လိုက်တာနဲ့ နိုင်ငံရေး ပင်စင် ဆန်ဆန် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ယူချင်နေကြပါတယ်။ တပ်မတော်သား၊ ဝန်ထမ်းတွေလို တိုင်းပြည် တာဝန်ထမ်းဆောင်ကြတာချင်း အတူတူ အခွင့်အရေး ပိုယူချင်ကြတဲ့ သဘော ရောက်မနေဘူးလား ပြန်စဉ်းစားသုံးသပ်ကြဖို့ လိုပါတယ်။

ကောင်းပါပြီ။ ဘယ်လောက် အတိုင်းအတာ အခွင့်အရေး ယူကြမှာပါလဲ။ လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဘက်က ပြောဆိုတဲ့ စကားတွေအရဆိုရင် လုပ်သက် တစ်နှစ်ကို လစာ တစ်လစာ တစ်လုံးတစ်ခဲတည်း ပေးမယ်လို့ ဆိုပါတယ်။ ပြောရရင် ၅ နှစ် သက်တမ်းရှိတဲ့ အမတ်တွေ တစ်ယောက်ကို ကျပ် သိန်း ၅၀ စီ ရမယ်ဆိုတဲ့ သဘောပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်လာတဲ့ အင်န်အယ်လ်ဒီ အမတ်တွေကတော့ ၃ နှစ် ကျပ် သိန်း ၃၀ စီရမယ့် သဘောပါ။ ပြည်နယ်နဲ့ တိုင်း အမတ်တွေကတော့ တစ်ယောက်ကို ကျပ် ၂၅ သိန်းစီရကြမှာပါ။

တွက်ကြည့်လိုက်ရင် ဒီနှုန်းအတိုင်း ချီးမြှင့်ငွေတွေ ပေးရင် ပြည်ထောင်စု အဆင့်ရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်တွေအတွက် တိုင်းပြည် ဘဏ္ဍာငွေထဲက ကျပ်ငွေ ၂ ဘီလျံခွဲလောက် သုံးရမယ့် သဘောပါ။ ပြည်နယ်နဲ့ တိုင်းအဆင့် အမတ်တွေအတွက် ကျပ်ငွေ တစ်ဒသမ ၆၅ ဘီလျံလောက် သုံးရပါမယ်။ အမတ်အားလုံးပေါင်းအတွက် စုစုပေါင်း ပေးရမယ့်ငွေဟာ ကျပ်ငွေ ၄ ဘီလျံကျော်ကျော် လိုမယ့် သဘောပါ။ နည်းတဲ့ ငွေမဟုတ်ပါဘူး။ ကောင်းပါပြီ။ အရပ်သား အမတ်တွေကိုပဲ အဲဒီ ချီးမြှင့်ငွေ ပေးမှာလား၊ တပ်မတော်သား အမတ်တွေကိုရော မပေးဘူးလား မေးစရာပါ။ တကယ်လို့များ တပ်မတော်သား အမတ်တွေကိုပါ အဲဒီနှုန်းအတိုင်း ချီးမြှင့်ရင် နောက်ထပ် ကျပ်ငွေ တစ်ဘီလျံ ကျော်ကျော် သုံးရပါဦးမယ်။ ဒီအခါ နိုင်ငံရေး ပင်စင်လို ချီးမြှင့်ငွေ ပေးဖို့အတွက် လိုအပ်ငွေ စုစုပေါင်း ကျပ် ၅ ဘီလျံကျော် ရှိနေမှာ ဖြစ်ပါတယ်။

သိပ်မကြာသေးခင်တုန်းကပဲ လက်ရှိ အစိုးရရဲ့ နောက်ဆုံးသက်တမ်းအတွက် ထပ်ဖြည့်တောင်းခံငွေ ကိစ္စတွေ လွှတ်တော်ထဲ ဆွေးနွေးခဲ့ကြပါသေးတယ်။ ဘတ်ဂျက်တွေ ထပ်တောင်းတာ များနေတဲ့ ကိစ္စ၊ ငွေကြေးဖေါင်းပွမှုကြောင့် နိုင်ငံခြားချေးငွေနဲ့ ဆိုင်တဲ့ ပေးဆပ်စရာ ကိစ္စ စတာတွေကို အဓိကထား ဝေဖန်ခဲ့ကြပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်ရဲ့ နောက်ပိုင်းနှစ်တွေမှာ ဝင်ငွေထက် အသုံးစားရိတ်က များပြီး ဘတ်ဂျက် လိုငွေပြတဲ့ ကိစ္စ၊ အဲဒီကနေ တဆင့် ကျပ်ငွေတန်ဘိုး ဖေါင်းပွ၊ ကျဆင်း မတည်မငြိမ် ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကြီးအကျယ် ဝေဖန်ခံရပါတယ်။ အဲလို ဘတ်ဂျက်မှာ အသုံးငွေ များနေတဲ့ကိစ္စမှာ လွှတ်တော်ရဲ့ ပယောဂကြောင့် လွှတ်တော် အမတ်တွေရော၊ အစိုးရ အရာရှိကြီးတွေနဲ့ တပ်မတော်သား အရာရှိကြီးတွေကိုပါ လစာ အများကြီး တိုးမြှင့်လိုက်တဲ့ ကိစ္စလည်း ပါဝင်ခဲ့ပါတယ်။ တကယ်တော့ လွှတ်တော် အမတ်တွေရဲ့ အဲလို  လုပ်ဆောင်ချက်တွေကို တိုင်းသူပြည်သားတွေကပဲ ခါးစည်း ခံရတာပါ။

ပြီးခဲ့တဲ့နှစ် လွှတ်တော်တွင်း အမတ်တွေ အနေနဲ့ ကိုယ့်လစာကိုယ် တိုးမြှင့်သတ်မှတ်ဖို့ လုပ်ကြကိုင်ကြတုန်းက တကယ်ကန့်ကွက်ခဲ့တာဟာ ဦးဝင်းထိန်တို့လို အင်န်အယ်လ်ဒီ အမတ်မျိုးတွေပါ။ သူတို့တွေက တိုင်းပြည် ဘတ်ဂျက် အခြေအနေ၊ အမတ်တွေရဲ့ တာဝန်နဲ့ ရပိုင်ခွင့်ကို သုံးသပ်ပြီး ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အတည်ပြုထောက်ခံခဲ့ကြတာက ပြည်ခိုင်ဖြိုး အမတ်တွေပါ။ အခုလည်း အခြားသော တပ်မတော်သားတွေ၊ ဝန်ထမ်းတွေကိုမှ အားမနာ ပြည်သူ့ဘဏ္ဍာထဲကနေ ကျပ်ငွေ ၄ ဘီလျံကျော် သုံးပြီး ကိုယ့်အခွင့်အရေး ကိုယ် ယူကြပါဦးမယ်။ ရွေးကောက်ပွဲမှာ ရှုံးပြီး လွှတ်တော်ထဲက မထွက်ခွာခင် ပြည်သူ့ဘဏ္ဍာထဲကနေ ရယူ၊ ငွေထုတ်ပိုက်ပြီး ထွက်သွားကြပါဦးမယ်။ ဒါကို အဓိက လုပ်ကိုင်မှာဟာ ပြည်ခိုင်ဖြိုးအမတ်တွေပဲ ဖြစ်တာကြောင့် အခု လုပ်ရပ်အပေါ် မရှက်ကြဘူးလားလို့ပဲ မေးလိုက်ချင်ပါတော့တယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required