တယ်လီနောမြန်မာကို ဝယ်လိုက်သည့် M1 က မြန်မာတွင် လုပ်ငန်းတိုးချဲ့ရန် ဒေါ်လာသန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်

By Bloomberg
05 September 2021
တယ်လီနောမြန်မာကို ဝယ်လိုက်သည့် M1 က မြန်မာတွင် လုပ်ငန်းတိုးချဲ့ရန် ဒေါ်လာသန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်

တယ်လီနောမြန်မာကုမ္ပဏီကို နော်ဝေအခြေစိုက် တယ်လီနော ဆက်သွယ်ရေးလုပ်ငန်းစုကြီး Telenor ASA ထံမှ လွှဲပြောင်းဝယ်ယူထားခဲ့သည့် လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group က ယင်းအနေဖြင့် လာမည့် သုံးနှစ်အတွင်း မြန်မာတွင် တယ်လီကွန်းလုပ်ငန်းများ တိုးချဲ့ရန် ဒေါ်လာ သန်း ၃၃၀ သုံးစွဲမည်ဟု ကတိပြုခဲ့သည်။

ယင်းသည် ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ အများအပြားက အရှေ့တောင်အာရှ မြန်မာနိုင်ငံကနေ ထွက်ခွာရန် လုပ်ဆောင်နေမှုများ ရှိနေစဥ် M1 Group က မြန်မာတွင် လုပ်ငန်းချဲ့ထွင် ရင်းနှီးမြှုပ်နှံသွားရန် ရှိနေခြင်းလည်း ဖြစ်သည်။

M1 Group က ရင်းနှီးမြှုပ်နှံမည့် ငွေကြေးများကို ကွန်ရက်ချဲ့ထွင်ခြင်း၊ broadband စနစ် အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း M1 Group ၏ အမှုဆောင်အရာရှိချုပ် အေဇမီ တီ မီကာတီက အင်တာဗျူးတစ်ခုတွင် ပြောသည်။ တယ်လီနောမြန်မာလုပ်ငန်းကို ဒေါ်လာ ၁၀၅ သန်းဖြင့် M1 ထံ ရောင်းချမှုကို ဇူလိုင်လက သဘောတူခဲ့ခြင်း ဖြစ်သည်။ စည်းမျဥ်းစည်းကမ်းပိုင်းဆိုင်ရာ အတည်ပြုချက် မရသေးသော်လည်း ဘေရွတ်အခြေစိုက် M1 Group အနေဖြင့် လူဦးရေ ၅၅ သန်းရှိ နိုင်ငံတစ်နိုင်ငံမှ သုံးစွဲသူ ၁၉ သန်းနှင့်အတူ အဓိကတယ်လီကွန်းအော်ပရေတာလေးခုအနက် တစ်ခုကို ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

“ခက်ခဲတဲ့ ပတ်ဝန်းကျင်တွေကနေ ရှောင်ဖယ်နေမယ့် အစား ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေကို ထည့်သွင်းမစဥ်းစားဘဲနဲ့ ဒီမှာ နေထိုင်ကြသူတွေကို ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုနဲ့ ကမ်းလှမ်းထောက်ပံ့ဖို့ ရည်မှန်းထားပါတယ်” ဟု မီကာတီက ပြောသည်။ “တယ်လီကွန်မြူနစ်ကေးရှင်းဟာ အထူးသဖြင့် ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ မရှိမဖြစ် ဝန်ဆောင်မှုပါပဲ” ဟု ၎င်းက ပြောသည်။

M1 Group သည် လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း နာဂျစ် မီကာတီ ပါဝင်သည့် ဘီလျံနာ မီကာတီ မိသားစု၏ ဦးပိုင်ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယင်းသည် တောင်အာဖရိကတွင် စာရင်းသွင်းထားသည့် တယ်လီကွန်းကုမ္ပဏီ MTN Group Ltd ၊ ဖက်ရှင်လက်လီလုပ်ငန်း Pepe Jeans နှင့် နယူးယော့ခ်၊ လန်ဒန်၊ ဒူဘိုင်းနှင့် ဘေရွတ်တို့ရှိ မြေ၊ အိမ်ရာ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိကြောင်း ယင်း၏ ဝက်ဘ်ဆိုဒ်အရ သိရသည်။ ထို့ပြင် ယင်းသည် မြန်မာရှိ တယ်လီကွန်းတာဝါ အော်ပရေတာတစ်ခုတွင်လည်း အစုရှယ်ယာ ရှိထားသည်။

“ယနေ့ ကမ္ဘာပေါ်က စိန်ခေါ်မှုအရှိဆုံး စျေးကွက်တွေထဲက တစ်ချို့မှာ အလုပ်လုပ်ဖို့ လုပ်ချင်စိတ်၊ အတိအကျပြောရရင် အသင့်ဖြစ်နေမှုက ကျွန်တော်တို့ရဲ့ မစ်ရှင် တစိတ်တဒေသဖြစ်ပါတယ်” ဟု အေဇမီ မီကာတီက ပြောသည်။

မြန်မာစစ်တပ်သည် ဖေဖေါ်ဝါရီလက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည်။ ဒေသ၏ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာတွင် COVID-19 ကပ်ရောဂါနှင့် ရင်ဆိုင်နေခဲ့ရစဥ် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာသည် အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

“ပြီးခဲ့တဲ့လတွေမှာ မြန်မာနိုင်ငံက အခြေအနေက တယ်လီနောအတွက်၊ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်၊ စည်းမျဥ်းစည်းကမ်းပိုင်းဆိုင်ရာနဲ့ လိုက်နာဆောင်ရွက်ရမှု အကြောင်းရင်းတွေအတွက် ပိုပိုပြီး ခက်ခဲလာနေခဲ့ပါတယ်” ဟု Telenor စီအီးအို ဆစ်ဂ် ဘရစ်ကီးက လုပ်ငန်း ရောင်းချမှုကို ကြေညာခဲ့စဥ်က ပြောခဲ့သည်။ ၂၀၁၄ ခုနှစ်က မြန်မာတယ်လီကွန်းအော်ပရေတာ လုပ်ငန်းကို ထူထောင်ခဲ့သည့် နော်ဝေ ကုမ္ပဏီက မေလတွင် ယင်း၏ လုပ်ငန်းသည် ထိခိုက်မှုများ ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ခရိုနာ ၆ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၇၅၀ သန်း) ကို အရှုံးစာရင်းပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required