စစ်ကောင်စီလက်ထက် Covid -19 ရောဂါကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ် စနစ်မကျ၍ ဝေဖန်ခံနေရ

စစ်ကောင်စီလက်ထက် Covid -19 ရောဂါကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ် စနစ်မကျ၍ ဝေဖန်ခံနေရ

ဩဂုတ် ၂၀

စစ်ကောင်စီလက်ထက် Covid -19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှု အစီအစဉ်သည် စနစ်မကျသည့်အပြင် မျက်နှာသိကို ဦးစားပေး ထိုးနှံပေး‌နေကြောင်း ယနေ့ ကာကွယ်ဆေးသွားရောက်ထိုးနှံသူ သက်ကြီးပိုင်းအချို့က မဇ္စျိမ ကိုပြောသည်။

ယနေ့ ဒဂုံမြို့သစ် မြို့နယ် (မြောက်ပိုင်း) ၄၈ ရပ်ကွက် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကာကွယ်ဆေးထိုးနှံပေးရာ အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများအပါအ၀င် အသက် ၂၀ ကျော် လူငယ်များကို ဆေးထိုးနှံပေးနေခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် COVID-19ကာကွယ်ဆေး ထိုးနှံပေးရေးအတွက် အသက် ၆၀နှင့်အထက် အသက်အရွယ်ရှိသူများအား နီးစပ်ရာ ဒေသန္တရ ဆေးခန်းများသို့ လာရောက်စာရင်း‌ပေးထိုးနှံကြရန် စစ်ကောင်စီက လိုက်လံကြော်ငြာထားပြီး လူငယ်များအား ဆေးထိုးနှံပေးရေး အစီအစဉ်ကို ထည့်သွင်း ကြော်ငြာထားခြင်း မရှိပေ။

“သွေးပေါင်ချိန်ဖို့ကို အလုအယက်ပဲ။ ခြောက်ပေမပြောနဲ့၊ တစ်ဦးနဲ့ တစ်ဦး ခြောက်လက်မတောင်မကွာဘူး။ ၀န်ထမ်းလို့ ပြောပြီး တန်းမစီဘဲ ထိုးတဲ့ သူတွေရှိသလို ကျန်းမာရေး၀န်ထမ်းနဲ့ ကူညီပေးတဲ့သူတွေကလည်း သူတို့နဲ့ ရင်းနှီးရင် ရင်းနှီးသလို တန်းစီနေတဲ့ ကြားထဲက လက်ဆွဲလာခေါ်ပြီး ထိုးပေးနေတာမျိုးတွေရှိတယ်။ အကူတွေကလည်း အော်ငေါက်နေတာမျိုးတွေ လုပ်တယ်” ဟု ဆေးသွားရောက်ထိုးနှံခဲ့သူ တစ်ဦးက‌ပြောသည်။

အသက် ၆၀ ကျော် အဘိုးအဘွားများနှင့် လူငယ်များ ရောထွေးတန်းစီခြင်းမျိုးကို ကြီးကြပ်ပေးသင့်ကြောင်း နှင့် အဘိုးအဘွားများအတွက် သီးခြားစီစဉ်ပေးရန်လိုအပ်ကြောင်း ကာကွယ်‌ဆေးထိုးနှံရာသို့ အဖော်လိုက်ပါ‌ပေးသူ တစ်ဦးက ဆိုသည်။

“ နေ့လည် ၁နာရီကျော်ကျော်လောက်မှာ ဆေးပြတ်သွားပြီ ဆိုပြီး ပြောလို့ မထိုးလိုက်ရတဲ့ အဘိုးအဘွားတွေ အများကြီးကျန်ခဲ့တယ်။ ဆေးထိုးခန်းထဲက ထွက်လာတဲ့ သူတွေကိုကြည့်လိုက်ရင် လူငယ်တွေချည်းပဲ။ အဖော်မပါတဲ့ အဘိုးအဘွားတွေက မျက်စိသူငယ် နားသူငယ် နဲ့ တန်းစီဆိုလို့သာ သူတို့တန်းစီနေတာ ဘာမှမလုပ်တတ် မပြောတတ်နဲ့ အခုဆို မထိုးရဘဲ ပြန်သွားတဲ့ အဘိုးတွေ အဘွားတွေအများကြီးပဲ” ၎င်းကဆိုသည်။

စစ်ကောင်စီလက်ထက် COVID-19 ကာကွယ်ဆေးထိုးနှံရာတွင် တရုတ်နိုင်ငံထုတ် Sinopharm အမည်ရှိ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ဟိုတယ်၀န်ထမ်းများနှင့် စားသောက်ဆိုင်၀န်ထမ်းများကို ဦးစားပေးထိုးနှံပေးမည်ဟု ရပ်ကွက်များအတွင်း စစ်ကောင်စီက လှည့်လည် အသိပေး‌နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required