မြန်မာ စစ်အာဏာသိမ်းမှုက လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်လာနေဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ပြော 

မြန်မာ စစ်အာဏာသိမ်းမှုက လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု မြောက်လာနေဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ပြော 

ဇူလိုင် ၃၁

မြန်မာစစ်အာဏာသိမ်းအုပ်စု၏ ဖေဖော်ဝါရီ ၁ ရက်မှစကာ ခြောက်လအတွင်း ပြည်သူများအပေါ် များမြောင်လှသော နိုင်ထက်စီးနင်း ပြုကျင့်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအဖြစ်သို့ ညီမျှသက်ရောက်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဇူလိုင် ၃၁ ရက်တွင် ပြောသည်။ 

စစ်တပ်က အာဏာသိမ်းချိန်မှစကာ နိုင်ငံတစ်လွှား၌ ပြည်သူသန်းပေါင်းများစွာသည် လမ်းများပေါ်ထွက်ကြပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရအား အာဏာပြန်လည်ပေးအပ်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်။  

ပြည်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ တိုက်ခိုက်မှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် လုံခြုံရေးတပ်များသည် လူထုအား လူစုခွဲရန်နှင့် အန္တရာယ်ပြုရန် အကြိမ်ကြိမ် ပစ်ခတ်ခြင်းများနှင့် လွန်ကျွံအင်အား သုံးစွဲခြင်းများ ကျူးလွန်ကြသည်။ 

ရဲနှင့် စစ်သားများ ပစ်သတ်၍ သေဆုံးရသည့် ဆန္ဒပြသူများနှင့် လမ်းသွားလမ်းလာများ ၉၀၀ ကျော်ထက်မနည်း ရှိသည်။ ယင်းတို့အနက် ကလေးငယ် ၇၅ ဦးလည်း ပစ်ခတ်ခံရကာ သေဆုံးသည်။ အဓမ္မခေါ်ဆောင်ခံရကာ ပျောက်ဆုံးနေသူပေါင်းက ၁၀၀ ကျော်ထက်မနည်း ရှိနေပြီး အကျဉ်းချချုပ်နှောင်ထားချိန် နှိပ်စက်ညှင်းပန်းခံရခြင်းနှင့် အဓမ္မ ပြုကျင့်ခံရခြင်းများက အရေအတွက် တိတိကျကျ မသိနိုင်ပေ။ ထင်ရာစိုင်း ဖမ်းဆီးကာ အကျဉ်းချခံရသူဦးရေမှာ  သုံးလေးထောင်မက ရှိနေသည်။ 

“ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ အစိုးရတစ်ရပ်နဲ့ ပြီးခဲ့တဲ့ နှစ် ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာစေလိုတဲ့ စိတ်ဆန္ဒနဲ့ပဲ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ကြီးမားတဲ့ ပြည်သူ့ အတိုက်အခံပြုမှုကို စစ်အုပ်စုဟာ သတ်ဖြတ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနဲ့ ထင်ရာစိုင်း ဖမ်းဆီးခြင်းတွေနဲ့ တုံ့ပြန်ခဲ့တယ်”ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှညွှန်ကြားရေးမှူး ဘရက်ဒ်အက်ဒမ်စ်က ပြောသည်။  

“ပြည်သူတွေကို အဲဒီ တိုက်ခိုက်မှုတွေက လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနဲ့ ညီမျှပြီး တာဝန်ရှိသူတွေကို အရေးယူသွားရမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်ဆိုင်ရာ သဘောထားသည် ၁၉၁၅ ခုနှစ်က စတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကာ နာဇီခေါင်းဆောင်များအား နုရင်ဘတ်ခုံရုံးတင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံး၏ ၁၉၄၆ ပဋိညာဉ်စာတမ်းပါ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required