သံတွဲမြို့ပေါ် ရပ်ကွက်တွေ ရေနစ်မြှုပ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရ

သံတွဲမြို့ပေါ် ရပ်ကွက်တွေ ရေနစ်မြှုပ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရ
ဓာတ်ပုံ- (သံတွဲမြို့ ဖေစ့်ဘွတ်)

ဇူလိုင် ၂၇

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရပ်ကွက်တွေမှာ ဒီကနေ့ မနက်ပိုင်းစတင်ပြီး ရေတွေဝင်ရောက်လာကာ နစ်မြှုပ်လုနီးပါး ဖြစ်လာတဲ့အတွက် ရပ်ကွက်နေဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရသလို အရေးပေါ် ကူညီကယ်ဆယ်ရေးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

သံတွဲမြို့မဈေးနား၊ ဘုရင့်နောင်လမ်း၊ ရတနာလမ်းနဲ့ မာဃလမ်းတွေမှာ ရေတွေပြည့်လျှံနေတာဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ထန်းပင်ကုန်း၊ ဗောဓိကုန်း၊ ရွာသစ်ကုန်းနဲ့ စံပယ်လမ်းတွေမှာလည်း ရေနစ်မြှုပ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- (သံတွဲမြို့ ဖေစ့်ဘွတ်)

သံတွဲမြို့ တချို့ရပ်ကွက်တွေမှာ လူအရပ် ရင်ဘတ်လောက်အထိ ရေနစ်မြှုပ်နေပြီး ရေစီးအလွန်ပြင်း ထန်နေတယ်လို့ သံတွဲဒေသခံတွေက လူမှုကွန်မှာ အသိပေးရေးသားထားကြပါတယ်။ 

သံတွဲ- ဂွမြို့ အဝေးပြေးကားလမ်းမကြီးပေါ်မှာလည်း ရေတွေပြည့်လျှံနေတဲ့အတွက် ဒေသခံတွေက စက်တပ်လှေတွေနဲ့ သွားလာနေကြတာကို တွေ့ရပါတယ်။

သံတွဲမြို့မှာ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က ဆည်ကျိုးလို့ ရေးကြီးရေလျှံမှု ဖြစ်ပေါ်ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာ မကြုံစဖူး မြို့ပေါ်ရပ်ကွက် အားလုံးနီးပါး ထပ်မံရေကြီးမှုနဲ့ ကြုံနေကြရတာလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly