ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ၁၀ နှစ်အောက်ကလေးငယ်အများစု ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆရာ၀န်မလုံလောက်သည့် အခက်အခဲဖြစ်နေ 

ကယားပြည်နယ်ရှိ စစ်ဘေးရှောင် ၁၀ နှစ်အောက်ကလေးငယ်အများစု ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆရာ၀န်မလုံလောက်သည့် အခက်အခဲဖြစ်နေ 

ဇူလိုင် ၁၆

ကယား(ကရင်နီ)ပြည်နယ်ရှိ ကျန်ရှိနေသေးသောစစ်ဘေးရှောင်ပြည်သူ ၅၀၀၀၀ကျော်ရှိသည့်အနက် ၁၀ နှစ်အောက်ကလေးငယ်အများစုမှာ ရာသီတုပ်ကွေးအဖြစ်များနေသည့်အပြင် ဆရာ၀န်မလုံလောက်မှုကြောင့်ပြန်လည်သက်သာရန် အခက်အခဲတွေ့နေကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးတာ၀န်ခံအချို့၏ပြောပြချက်အရသိရသည်။ 

"စစ်ဘေးရှောင်စခန်းတစ်ခုကို ၁၀ နှစ်အောက်ကလေး ပျှမ်းမျှအယောက် ၂၀ လောက်က ရာသီတုပ်ကွေးဖြစ်နေတယ်။ ရေမသန့်လို့ ကလေးတွေ၀မ်းပျက်၀မ်းလျှောဖြစ်တာကတော့ အခုထိပုံမှန်လိုဖြစ်နေတယ်။ ဟိုတလောကတိုက်ပွဲခဏနားတော့ ရှိတဲ့ဆရာ၀န်တချို့ပြန်သွားတော့ ကုသပေးမယ့်သူမလုံလောက်တဲ့ဒုက္ခဖြစ်နေတယ်။ နောက်ပြီး ကိုဗစ်ရှိမရှိမစစ်နိုင်တော့ သေဆုံးတာတွေကလဲ ကိုဗစ်ကြောင့်သေတာလား ရိုးရိုးသေတာလားဆိုတာအတိအကျမသိနိုင်ဘူး"ဟု ၎င်းကမဇ္စျိမကိုပြောသည်။ 

ဓာတ်ပုံ-CJ (ပြီးခဲ့သည့် မေလနှင့်ဇွန်လက ကယားပြည်နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ)

အဆိုပါစစ်ဘေးရှောင်ပြည်သူများအတွက် အလှူရှင်နည်းသထက်နည်းပါးလာသောကြောင့် စားနပ်ရိက္ခာပိုင်းပို၍ခက်ခဲလာကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့၀င်တစ်ဦးကဆိုသည်။ 

"ကယားမှာ ကိုဗစ်ဖြစ်တော့ အလှူရှင်တွေနည်းသထက်နည်းလာတယ်။ အဲ့ဒီအတွက်စားနပ်ရိက္ခာအခက်အခဲဖြစ်လာတယ်။ အဲ့ဒါအပြင်စစ်ဘေးရှောင်တွေက တောတောင်စခန်းထဲအခြေကျလာတော့ ယင်လုံအိမ်သာလိုအပ်တယ်၊အစားအသောက်၊အလှူငွေနဲ့ရွက်ဖျင်တဲ၊မိုးကာတွေလဲလိုအပ်တယ်။"ဟု၎င်းကပြောသည်။

ကယားပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် KNDF တို့အကြား နှစ်ဖက်တိုက်ပွဲများယာယီရပ်ဆိုင်းရန် ဘာသာရေးခေါင်းဆောင်နှင့်အဖွဲ့အစည်းများ၏ စီစဉ်မှုအရ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကအပစ်အခတ်ရပ်စဲရန်သဘောတူညီခဲ့ကြ‌သော်လည်း ထိုသို့သဘောတူပြီး ရက်သတ္တပတ်နှစ်ပတ်အကြာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ကတိဖောက်ဖျက်၍ တဖက်သတ်ထိုးစစ်ဆင်ခြင်း၊ ဒီးမော့ဆိုမြို့ရှိ နေအိမ်အချို့အားလက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည်။ 

ဓာတ်ပုံ-CJ (ပြီးခဲ့သည့် မေလနှင့်ဇွန်လက ကယားပြည်နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ)

ထို့ကြောင့် လက်ရှိအနေအထားအရ ယခင်တစ်သိန်းကျော်ရှိသော စစ်ဘေးရှောင်ဦးရေတွင် အရေအတွက်ထက်၀က်မှာ နေရပ်သို့မပြန်ရဲကြဘဲ တောတွင်း၌သာ ယခုအချိန်ထိ ခိုလှုံတိမ်း‌ရှောင်နေကြသည့်အတွက် ရိက္ခာနှင့် ကျန်းမာရေးအခက်အခဲဒုက္ခများ ကြုံတွေ့နေရခြင်းဖြစ်သည်။ 
အကြမ်းဖက်စစ်ကောင်စီ၏ နယ်မြေကျူးကျော်ထိုးစစ်ဆင်မှုကြောင့် ကယား(ကရင်နီ)ပြည်နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် KNPP တို့သည် ဇူလိုင်လ ၁၂ ရက်တွင်တိုက်ပွဲဖြစ်ခဲ့သည်။

ယနေ့ ဇူလိုင်လ ၁၆ ရက်တွင်လည်း ကရင်နီအမျိုးသားများပြည်သူကာကွယ်ရေးတပ်(KNDF)မှကရင်နီတပ်မတော်နှင့်ပူးပေါင်း၍ စစ်ကောင်စီတပ်နှင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required