တနင်္သာရီမှ စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများ လိုအပ်နေ

By ကိုရွှေမြိတ်(မဲဆောက်)(မဇ္ဈိမ)
20 April 2023
တနင်္သာရီမှ စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများ လိုအပ်နေ

တနင်္သာရီတိုင်း၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်တွင်  တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသော  ကျေးရွာကိုးရွာမှ ဒေသခံများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့်ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင် အရေးကူညီပေးနေသည့် လူမှုအဖွဲ့အစည်းများကပြော သည်။

တနင်္သာရီမြို့နယ်အတွင်း တနင်္သာရီ-မောတောင် ကားပိုင်းတွင် မတ်လ ၂၈ ရက်နေ့က စ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သိန်ခွန်းကျေးရွာအုပ်စုရှိ သိန်ခွန်း၊ သဲဖြူ၊ချောင်းနှစ်ပေါက်၊ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ကမ်းတို၊ ရမ်းဖိုနှင့် အနောက်မော်တုန်းကျေးရွာမှ ဒေသခံ ၁၀၀၀၀ ကျော် စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။ တိုက်ပွဲ ရှောင်ပြည်သူများသည် နေရပ်ပြန်နိုင်ရန် အခက်အခဲရှိနေသည်ဟု သိရသည်။

“စစ်ရှောင်တွေက လတ်တလောမှာ တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်ခြေ ရှိနေတာကြောင့် နေအိမ်ကို မပြန်ရဲကြသေးဘူးဆိုတော့ မကြာခင် မိုးရာသီလည်း ရောက်တော့မှာမို့ အရံရိက္ခာတွေ စုဆောင်းဖို့ ကျွန်တော်တို့မှာ လိုအပ်လာနေပါပြီ ဖြစ်တယ်”ဟု နွေဦးမေတ္တာ-စစ်ဘေးရှောင် ကူညီပံ့ပိုးရေး ကော်မတီ (တနင်္သာရီ မြို့နယ်) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်အမိုးကာပစ္စည်းများလိုအပ်နေသည်ဟု သိရသည်။ ထို့အပြင်ကျေးရွာအချို့တွင် ငှက်ဖျားရောဂါပိုး ကူးစက်မှုများလည်း ကြုံတွေ့နေရသောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ လိုအပ်နေသည်ဟု နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးကော်မတီကဆိုသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင် ၁၀၀၀၀ ကျော်အနက် အနည်းငယ်သာ ယာယီစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေပြီး  အများစုသည် အခြားရွာနှင့် ဥယျာဉ်ခြံတို့တွင် အဆင်ပြေသလို နေထိုင်နေရကြောင်း စစ်ဘေးရှောင်အရေးကူညီပေးနေသူများကပြောသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် အကူအညီများကို နွေဦးမေတ္တာ-စစ်ဘေးရှောင် ကူညီပံ့ပိုးရေးကော်မတီ (တနင်္သာရီ မြို့နယ်)နှင့် တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့( တနင်္သာရီမြို့နယ်)၏ လူမှုကွန်ယက်မှတဆင့် ဆက်သွယ်ကူညီပေးကြရန်တိုက်တွန်းထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required