ဇူလိုင် ၉
အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်သည် ဇူလိုင် ၈ ရက်က မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်းများ (CSOs) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထောက်ကူပံ့ပိုးရန်အတွက် မြန်မာပြည်သူများနှင့်အတူ လက်တွဲလုပ်ဆောင်မည့် အမေရိကန်၏ ကတိက၀တ်ကို ထုတ်ဖော်သွားခဲ့ကြောင်း နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရေး ကြိုးပမ်းနေသည့် မြန်မာနိုင်ငံတွင်းရှိ ပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ပြောကြားခဲ့သည်ဟု သိရသည်။
အလားတူ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပယ်ဖျက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နှိပ်စက်ညှင်းပန်းမှုများကို ကျူးလွန်ထားသည့် တာ၀န်ရှိသူအားလုံး တာ၀န်ခံမှု ရှိစေရေး တိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ပြောခဲ့ကြောင်း သိရသည်။