အိန္ဒိယနှင့် သြစတြေးလျတို့က ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆိုက်ဘာလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မည်

By NDTV
22 June 2021
အိန္ဒိယနှင့် သြစတြေးလျတို့က ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆိုက်ဘာလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မည်

အိန္ဒိယနှင့် သြစတြေးလျတို့က 5G ဆက်သွယ်ရေးကွန်ရက်များကဲ့သို့သော အရေးပါသည့် သတင်းအချက် အလက်အခြေခံ အဆောက်အအုံများ၏ လုံခြုံရေးကို ပိုမိုအားကောင်းလာအောင်ပြုလုပ်ရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့ပြီး ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆိုက်ဘာနှင့် ပတ်သက်သည့် အရေးပါသည့်နည်းပညာများတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရန် ဇွန်လ ၁၈ရက်က သဘောတူခဲ့ကြသည်။

ဆိုက်ဘာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်သည့် အိန္ဒိယနှင့် သြစတြေးလျပူးတွဲလုပ်ငန်းအဖွဲ့(JWG) ၏ ပထမအကြိမ်အစည်းအဝေးတွင် နှစ်နိုင်ငံစလုံးက တိုးတက်ဖြစ်ထွန်းလာသည့် ဆိုက်ဘာဒိုမိန်း နည်းပညာများအပါအဝင် ပြဿနာများစွာကို ဆွေးနွေးခဲ့ကြောင်း ပြည်ပရေးရာဝန်ကြီးဌာန (MEA) မှ ပြောကြားခဲ့သည်။

ပူးတွဲလုပ်ငန်းအဖွဲ့သည် ငါးနှစ် (၂၀-၂၀-၂၅) လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် နှစ်နိုင်ငံအကြား ဆိုက်ဘာနှင့် ဆိုက်ဘာနှင့် ပတ်သက်သော အရေးပါသည့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမူဘောင်အစီအစဉ်အရ တည်ထောင်ထားသည့်ယန္တရားတစ်ခုဖြစ်သည်။

"အရေးပါသောသတင်းအချက်အလက်အခြေခံအဆောက်အအုံများ၊ 5G နည်းပညာ နှင့် IoT ထုတ်ကုန်များ၏ လုံခြုံရေးကိုပိုမိုအားကောင်းလာစေရန်လိုအပ်ကြောင်းကို အသိအမှတ်ပြုပြီး အိန္ဒိယနှင့် သြစတြေးလျတို့သည် ပုဂ္ဂလိကဏ္ဍ၊ တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ကျွမ်းကျင်မှုနှင့် ဗဟုသုတဖွံ့ဖြိုး တိုးတက်ရေးတွင် အတူတကွပူးပေါင်းရန် သဘောတူခဲ့ကြသည်" ကြေညာချက်တွင် ဖော်ပြထားသည်။

ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားရန်လည်း နှစ်နိုင်ငံအကြား သဘောတူညီခဲ့ကြသည်။

တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သော Huawei ၏ 5G ကွန်ရက်များနှင့် ပတ်သတ်၍ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများတိုးပွားလျက်ရှိသည်။ ယင်းစိုးရိမ်မှုကြောင့် ကမ္ဘာတွင် ဆက်သွယ်ရေး ပစ္စည်း ကိရိယာများကို အဓိက ဦးဆောင်ထုတ်လုပ်သူဖြစ်သည့် Huawei ကို နိုင်ငံအတော်များများသည် တားမြစ်ထားကြသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် သြစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆန်က တို့၏ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် ထိပ်သီး အစည်းအဝေး အတွင်း နှစ်နိုင်ငံအကြား ပြီးပြည့်စုံသောမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ပြီး နောက်တစ်နှစ်အကြာတွင် ပူးတွဲလုပ်ငန်းအဖွဲ့၏ အွန်လိုင်းအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆိုက်ဘာနှင့် ဆိုက်ဘာနှင့် ပတ်သက်သော အရေးပါသည့် နည်းပညာပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာမူဘောင်အစီအစဉ်အရ ဖော်ထုတ်ထားသည့် ဒစ်ဂျစ်တယ်စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် အရေးပါသည့်နောက်ဆုံးပေါ်နည်းပညာနယ်ပယ်များတွင် အတူတကွလုပ်ဆောင်ရန် ကတိကဝတ်ကို နှစ်ဖက်စလုံးက ထပ်လောင်းအတည်ပြုလိုက်ကြောင်း MEA ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required