ရှုံးထွက် (၁၆)သင်းအဆင့်မှာ အီတလီ-သြစတြီးယား၊ ဝေးလ်စ်-ဒိန်းမတ်တို့ တွေ့

ရှုံးထွက် (၁၆)သင်းအဆင့်မှာ အီတလီ-သြစတြီးယား၊ ဝေးလ်စ်-ဒိန်းမတ်တို့ တွေ့
Photos: EPA

ယူရို ၂၀၂၀ ပြိုင်ပွဲ အုပ်စု (B) နဲ့ (C) ရဲ့ နောက်ဆုံးပွဲစဉ်တွေကို တနင်္လာညမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး အုပ်စု (B) က ဘယ်လ်ဂျီယံနဲ့ ဒိန်းမတ်၊ အုပ်စု (C) က အုပ်စုက နယ်သာလန်နဲ့ သြစတြီးယားအသင်းတွေက နောက်တစ်ဆင့်တက်ရောက်ခဲ့ကြပါတယ်။

ဒီပွဲစဉ်တွေအပြီးမှာ ရှုံးထွက် (၁၆)သင်းအဆင့်အတွက် ပွဲစဉ်အတွဲအဖက်နှစ်ခု ထွက်ပေါ်လာခဲ့ပြီး အီတလီနဲ့ သြစတြီးယား၊ ဝေးလ်စ်နဲ့ ဒိန်းမတ်တို့ ဆုံတွေ့ကြမှာဖြစ်ပါတယ်။

ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်တဲ့ ဘယ်လ်ဂျီယံ

ဖင်လန် ဝ-၂ ဘယ်လ်ဂျီယံ

ဘယ်လ်ဂျီယံအသင်းဟာ ယူရိုပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် အုပ်စုပွဲစဉ် ၃ ပွဲစလုံးအနိုင်ရရှိတာဖြစ်ပြီး ရှုံးထွက် (၁၆)သင်းအဆင့်အတွက် ဖင်လန်ရဲ့ မျှော်လင့်ချက်တွေကို အဆုံးသတ်စေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဖင်လန်အသင်းကလည်း နောက်တစ်ဆင့်တက်ရေးအတွက် အားကုန်ထုတ်ပြီး ရုန်းကန်ခဲ့တာကြောင့် နိုင်ပွဲရဖို့တော့ ခက်ခဲခဲ့ပါတယ်။

ကမ္ဘာ့အဆင့်နံပါတ်တစ်အသင်းဟာ နိုင်ပွဲရရှိခဲ့တယ်ဆိုပေမယ့် နောက်ကျဂိုးတွေနဲ့ဖြစ်ပြီး ၇၄ မိနစ်မှာ ထောင့်ကန်ဘောကတစ်ဆင့် ဗာမယ်လန်းရဲ့ ခေါင်းတိုက်ချက် တိုင်ထိထွက်လာတာ ဖင်လန်ဂိုးသမားလက်နဲ့ ထိပြီး အဖွင့်ဂိုးရရှိခဲ့တာပါ။ ဒုတိယဂိုးကိုတော့ ၈၁ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ပေးပို့မှုကနေ လူကာကူက သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂိုးကွာခြားချက်နဲ့

ရုရှား ၁-၄ ဒိန်းမတ်

ဒိန်းမတ်ဟာ အဖွင့်ပွဲမှာ ဖင်လန်ကို ၁-၀ နဲ့ ရှုံးခဲ့သလို ဒုတိယပွဲမှာလည်း ဘယ်လ်ဂျီယံအသင်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးပွဲမှာမှ ဂိုးပြတ်နိုင်ပွဲရယူပြီး အုပ်စုဒုတိယနဲ့ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ကိုပင်ဟေဂင်မှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ရုရှားနဲ့ ဒိန်းမတ်ပွဲစဉ်ဟာ အဆုံးအဖြတ်အမှတ်လုပွဲဖြစ်တဲ့အတိုင်း အကြိတ်အနယ်ရှိခဲ့ပြီး ဒိန်းမတ်အသင်းကတော့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ ဒိန်းမတ်အတွက် လူငယ်ကစားသမား ဒမ်းစ်ဂတ်က ၃၈ မိနစ်မှာပဲ အဖွင့်ဂိုးစသွင်းပေးခဲ့ပြီး ၅၉ မိနစ်မှာ တိုက်စစ်မှူး ပေါလ်ဆင်က ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။ မိနစ် ၇၀ မှာ ပယ်နယ်တီကနေ ဇူဘာက ရုရှားအတွက် တစ်ဂိုးချေပခဲ့ပေမယ့် ခရစ္စတန်ဆန်နဲ့ မာအယ်လီတို့က (၇၉၊ ၈၂)မိနစ်တွေမှာ နှစ်ဂိုး ထပ်သွင်းခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဒိန်းမတ်၊ ရုရှားနဲ့ ဖင်လန်တို့ဟာ သုံးမှတ်စီနဲ့ တူညီသွားခဲ့ကြပြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုမှာလည်း အပြန်အလှန်အနိုင်ရထားခဲ့ကြတာကြောင့် ဂိုးကွာခြားချက်နဲ့ ဆုံးဖြတ်ခဲ့ကြရပါတယ်။ ဒါ့ကြောင့်ပဲ ဒိန်းမတ်ဟာ ဂိုးကွာခြားချက်နဲ့ အသာရပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အခြားတစ်ဖက်အုပ်စုပွဲစဉ်မှာတော့ နယ်သာလန်က ဒီပိုင်း၊ ဝိုင်နယ်လ်ဒမ်းတို့ရဲ့ ဂိုးတွေနဲ့ မြောက် မက်ဆီဒိုးနီးယားကို ၃-ဝ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုတွင်းက ယူကရိန်းနဲ့ သြစတြီးယားပွဲစဉ်မှာတော့ ဘာအမ်ဂတ်တ်နာရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ သြစသြတီးယားက ယူရိုပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required