သြစတြေးလျနိုင်ငံသား ၂ ဦး မြန်မာနိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းစဥ် ထိန်းသိမ်းခံရ

သြစတြေးလျနိုင်ငံသား ၂ ဦး မြန်မာနိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းစဥ် ထိန်းသိမ်းခံရ

မတ် ၂၂

စစ်အာဏာသိမ်းမှုဖြစ်ထားသည့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းခဲ့သည့် သြစတြေးလျနိုင်ငံသားနှစ်ဦး အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရကြောင်း သတင်းအေဂျင်စီတစ်ခုက ဖော်ပြသည်။

စီးပွားရေးအတိုင်ပင်ခံများဖြစ်သည့် မက်သရူး အိုကိန်းနှင့် ခရစ္စတာ အေဗာရီ (ကနေဒါ-သြစတြေးလျ နှစ်နိုင်ငံသားခံယူထားသူ) တို့သည် ပြီးခဲ့သည့် သောကြာနေ့က ကယ်ဆယ်ရေးလေယာဥ်တစ်စင်းဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ကြိုးပမ်းခဲ့ပြီးနောက် နေအိမ်အကျယ်ချုပ်အောက်တွင် ရှိနေသည်ဟု ယုံကြည်ရကြောင်း အေအက်ဖ်ပီက ဖော်ပြသည်။

မြန်မာနိုင်ငံရှိ သြစတြေးလျနိုင်ငံသားနှစ်ဦးကို အကူအညီများ ပံ့ပိုးပေးနေရကြောင်း သြစတြေးလျ နိုင်ငံခြားရေးရာနှင့် ကုန်သွယ်မှုရေးရာ ၀န်ကြီးဌာနက အတည်ပြုခဲ့သည်။ ကနေဒါနိုင်ငံသားတစ်ဦး ပါ၀င်ပတ်သက်နေသော ကိစ္စရပ်တစ်ခုကို သိရှိထားကြောင်းနှင့် “ကောင်စစ်၀န်ရုံးဆိုင်ရာ ၀န်ဆောင်မှုများ” ပေးအပ်ထားကြောင်း ကနေဒါ၏ နိုင်ငံခြားရေး၀န်ကြီး ဌာနက ပြောခဲ့သည်။

အဆိုပါ အမျိုးသား၊ အမျိုးသမီး စုံတွဲသည် ရန်ကုန်မြို့တွင် အသေးစားအတိုင်ပင်ခံစီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သည့် နောက်ထပ် သြစတြေးလျနိုင်ငံသားတစ်ဦးဖြစ်သော ရှောင်တာနဲလ်သည်လည်း ပြီးခဲ့သည့်လက ထိန်းသိမ်းခံထားရသည်။

မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့၀င်များ၏ အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် သေဆုံးသူဦးရေသည် ၂၀၀ ကျော်အထိ မြင့်တက်ထားခဲ့သော်လည်း နိုင်ငံတွင် စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပေါ်ဆဲ ဖြစ်သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများအပေါ် သွေးထွက်သံယို ဖြိုခွင်းမှုအတွက် အနောက်အုပ်စုနိုင်ငံများက အပြင်းအထန် ရှုတ်ချပြစ်တင်ထားပြီး သြစတြေးလျသည်လည်း မြန်မာနှင့်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းထားခဲ့ပြီး အကူအညီများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများထံ လမ်းကြောင်းလွှဲပြောင်းပေးအပ်ပြီး တုံ့ပြန်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required