စမ်းချောင်းတွင် လုံခြုံရေးတပ်ဖွဲ့များ၏ပိတ်ဆို့မှုခံခဲ့ရသည့် ဆန္ဒပြသူများ ပြန်လည်ထွက်ခွါနိုင်

စမ်းချောင်းတွင် လုံခြုံရေးတပ်ဖွဲ့များ၏ပိတ်ဆို့မှုခံခဲ့ရသည့် ဆန္ဒပြသူများ ပြန်လည်ထွက်ခွါနိုင်

မတ် ၉ 

ယမန်နေ့ညက စမ်းချောင်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့ထားမှုကြောင့် ပိတ်မိနေသော ဆန္ဒပြလူငယ်ရာပေါင်းများစွာ ပြန်လည်ထွက်ခွါနိုင်ပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက မတ် ၉ ရက်တွင် Chanel News Asia သို့ ပြောသည်။ 

အနောက်နိုင်ငံသံရုံးများနှင့် ကုလသမဂ္ဂတို့က ဆန္ဒပြသူများအား ဘေးအန္တရာယ်ကင်းရှင်းစွာပြန်ခွင့်ပြုရန် လုံခြုံရေးတပ်ဖွဲ့များအား မေတ္တာရပ်ခံခဲ့ကြသည်။ ရန်ကုန် မြို့နယ်ပေါင်းစုံမှ လူထောင်ပေါင်းများစွာကလည်း ညမထွက်ရအမိန့်ကိုဖီဆန်ကာ စမ်းချောင်း၌ပိတ်မိနေသော လူငယ်များကို ဝန်းရံရန် လမ်းမပေါ်ထွက်လာကာ ဆန္ဒပြခဲ့ကြသည်။ 

စမ်းချောင်း၌ လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများသုံးကာ သေနတ်များပစ်ဖောက်ပြီး ဧည့်စာရင်း စစ်မည်ဖြစ်ကြောင်းနှင့် ပုန်းအောင်းနေသူ မည်သူမဆို အရေးယူသွားမည်ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့သည်။ 

လူငယ်တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက သူမနှင့်အတူ တခြား ၁၅ ယောက်မှ ၂၀ ယောက်ခန့် အဆောက်အဦးတစ်ခုထဲတွင် ပိတ်မိနေခဲ့ကြောင်းနှင့် ယခုအိမ်သို့ ပြန်ရောက်ပြီးဖြစ်ကြောင်း Channel News Asia သို့ပြောသည်။ “ဆန္ဒပြသူတွေကို ကြိုဆိုပေးကြတဲ့ လူတွေနဲ့ အခမဲ့အိမ်ပြန်ပို့ပေးတဲ့ကားတွေ အများကြီး ရှိခဲ့ပါတယ်။ အာဏာရှင်စနစ် အဆုံးသတ်သွားတဲ့အထိ ကျွန်မတို့ ဆက်လက်ဆန္ဒပြသွားမှာပါ” ဟု ၎င်းကပြောသည်။ 

တခြားဆန္ဒပြသူတစ်ဦးကလည်း လုံခြုံရေးတပ်ဖွဲ့များ ထွက်ခွါသွားပြီးနောက် နံနက် ၅ နာရီဝန်းကျင်တွင် စမ်းချောင်းမှ ပြန်လည်ထွက်ခွာနိုင်ခဲ့သည်ဟု လူမှုမီဒီယာ၌ ရေးသားထားသည်။

ရဲများက စမ်းချောင်းတွင် အိမ်များကို ဝင်ရောက်ရှာဖွေပြီးနောက် လူ ၅၀ ခန့် ဖမ်းဆီးခံရကြောင်း လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တစ်ဖွဲ့က Channel News Asia သို့ ပြောသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့၏နှိမ်နင်းမှုကြောင့် ဆန္ဒပြသူ ၆၀ ထက်မနည်း သေဆုံးခဲ့ကာ ၁ ၈၀၀ ကျော်ထိန်းသိမ်းခံထားရသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly