နိုင်ငံရေး အကျပ်အတည်းကို PPST ဦးဆောင်ညှိနှိုင်းပေးရန် PNLO တောင်းဆို

နိုင်ငံရေး အကျပ်အတည်းကို PPST ဦးဆောင်ညှိနှိုင်းပေးရန် PNLO တောင်းဆို

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းနှင့် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement-CDM)အပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)မှ ဦးဆောင် စေ့စပ် ညှိနှိုင်းပေးရန် အဖွဲ့ဝင်ဖြစ်သည့် ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က တောင်းဆိုသည်။

အဆိုပါ တောင်းဆိုမှုကို PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SS A)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ထံ PPST အဖွဲ့ဝင် PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက လက်မှတ်ရေးထိုး၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က စာပို့ တောင်းဆိုထားကြောင်း သိရသည်။

PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက “ ကျွန်တော်တို့ PNLO ရဲ့ သဘောထားနဲ့ ပတ်သက်ပြီးတော့ PPST အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ဆီကို စာပို့တောင်းဆိုထားတယ်။ အခု နိုင်ငံရေးအကျပ်အတည်းနဲ့ CDM လှုပ်ရှားမှုအပေါ် PPST က ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ပေါ့။ အဲမှာ နိုင်ငံတကာအသိသက်သေတွေကိုလည်း ပါဝင်ဖို့တောင်းဆိုထားတယ်။ ဘာလို့ဆို ကျွန်တော်တို့ NCA ထိုးတုန်းက နိုင်ငံတကာ အသိသက်သေတွေလည်း ပါတယ်လေ။ ဒါကြောင့် PPST ကနေ ဦးဆောင်ပြီးတော့ နိုင်ငံတကာအသိသက်သေတွေနဲ့အတူ အခု ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်ကြားဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းပေးဖို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။

PPST က ဦးဆောင် စေ့စပ်ညှိနှိုင်းပေးရန် တောင်းဆိုရခြင်းကလည်း CDM လှုပ်ရှားမှုတွင် ပါဝင်သော ပြည်သူ လူထုကို ပစ်ခတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ အရေးယူခြင်းများ အဆက်မပြတ်ဖြစ်ပေါ်လာလျက်ရှိနေသည့် အတွက် မိမိတို့ ပြည်ထောင်စုကြီးအတွက် အလွန်အမင်း စိုးရိမ်ဖွယ်ရာ အခြေအနေ တစ်ရပ်ဖြစ်ပေါ်နေပြီး အလွန် တရားဆိုးဝါးသည့် အခြေအနေဆိုးကြီး တစ်ရပ်သို့ ရောက်သွားစေနိုင်သည့် အတွက်ကြောင့်ဟု PNLO ဘက်က ဆိုသည်။

PPST အရေးပေါ် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁၉-၂၀ ရက်က ကျင်းပနေစဉ် (ပုံ- NCA-S EAO)

PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ထံ ပေးပို့သည် စာထဲမှာတော့ ဤကဲ့သို့သော အခြေအ နေ အကျပ်အတည်းမျိုးတွင် မိမိတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဆွေးနွေးဘက် ပြည် ထောင်ဘက်များဖြစ်ကြသော ပြည်ထောင်စုအစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့အကြား ဖြစ်ပေါ်နေသော နိုင်ငံရေးတင်းမာမှုများ၊ နိုင်ငံရေးပဋိပက္ခများ၊ နိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်ရေးအတွက် PPST မှ ဦးဆောင်၍ စေ့စပ်ညှိနှိုင်းပေးပါရန် တင်ပြအပ်ပါသည်ဟု ဆိုထားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိသက် သေများအဖြစ် NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေး ထိုးထားကြသည့် ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ (EU)၊ ဂျပန်အစိုးရ၊ အိန္ဒိယအစိုးရ၊ ထိုင်းအစိုးရနှင့် တရုတ် အစိုးရ အပါအဝင် နိုင်ငံတကာအသိသက်သေများ၊ မိမိတို့ ရှေ ့မှောက်တွင် NCA ရေးထိုးခဲ့ကြသည်ကို သိရှိကြောင်းနှင့် အလေးအနက်ထားပါကြောင်း ကြေညာခဲ့သည့် နိုင်ငံတကာ အစိုးရများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးပါရန်ကိုလည်း တင်ပြအပ်ပါသည်ဟု ပါရှိသည်။

PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်သံခဲက “တိုင်းပြည်အတွက် ကျွန်တော်တို့က အဖြေရှာမယ့် နည်းလမ်းပေါင်းစုံ ကိုတော့ လူတိုင်းမှာတာဝန်ရှိပါတယ်၊ အုပ်စုတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ဒီနေ့ နိုင်ငံရေးအကျပ်အတ ည်းဟာ ကျွန်တော်တို့အားလုံး အတူတကွ ညှိနှိုင်းဖြေရှင်းနိုင်တဲ့ အခင်းအကျင်းကို သွားဖို့တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းအားလုံးဟာ စစ်အာဏာသိမ်းမှု ယဉ်ကျေးမှုကို လက်ခံခဲ့ခြင်းမရှိဘူး။ လူထုနှင့်အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရမှာဖြစ်ပါတယ်။ လူထုတောင်းဆို ချက်နဲ့ လူထုရပ်တည်ချက်များအောက်မှာ ကျွန်တော်တို့တွေ အနေဖြင့် ဝင်လို့ရော ဘယ်လောက်ထိ လက်ခံမှာ လဲ”ဟု ဖေဖော်ဝါရီ ၂၀ ရက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသည်။

PNLO ပြောသည့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းဆိုသည်မှာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်က အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရထံက အာဏာသိမ်းသွားရာမှ လူထုအုံကြွမှု အခြေအနေကို ရည်ညွန်းခြင်းဖြစ် သည်။

လက်ရှိတွင် ပြည်သူလူထုသည် အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချရေးနှင့် ဒီမိုကရေစီပြန်လည် ရရှိရေး အတွက် နိုင်ငံတစ်ဝန်း ဆန္ဒပြ တောင်းဆိုလျက်ရှိနေသလို CDM လှုပ်ရှားမှုများဖြင့်လည်း ဆောင်ရွက်နေကြသည်။ ထို့နောက် ဆန္ဒပြ တောင်းဆိုနေသည့် လူထုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖြိုခွင်းရာမှာ သေဆုံး ဒဏ်ရာ ရရှိမှု များနှင့်ဖမ်းဆီးမှုများ ရှိနေသည်။

စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြသူများ (ပုံ-AFP)

ထို့နောက် PPST က CDM လှုပ်ရှားမှုကို အပြည့်အဝ ထောက်ခံကြောင်း၊ CDM လှုပ်ရှားမှုကို ပံ့ပိုးပေး မည်ဖြစ် ကြောင်း၊ လက်ရှိကာလတွင် အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်း ထားမည်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက်သော နည်းလမ်းဖြင့် နှိမ်နင်းခြင်းများကို ဆန့် ကျင် ကန့်ကွက်ကြောင်း၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် လက်ရှိ နိုင်ငံရေးပြဿနာများကို နည်းလမ်းရှာ ဖြေရှင်း နိ်ုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်း အပါအဝင် ပြည်တွင်း ပြည်ပ အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဟုလည်း ဖေဖော်ဝါရီ ၂၀ ရက် PPST ၏ အရေးပေါ် အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ သည်။

PPST မှ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်သံခဲက “လက်တွေ့အခြေအနေမှာ အခုဖြစ်နေတဲ့ ပြည်တွင်းနိုင်ငံရေး အခြေ အနေက အင်မတန်မှ ခက်ခဲလိမ့်မယ်၊ နောက်တစ်ခုက ရှုပ်ထွေးလိမ့်မယ်၊ နောက်တစ်ခုက ခဏက ပြောခဲ့တဲ့ နိုင်ငံရေးပိုင်း ဆိုင်ရာတွေမှာ ရှုပ်ထွေးမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အနေနဲ့ ဒီအခြေအနေ ဟာ ပြည်သူလူထုနဲ့အတူ ရပ်တည်မယ်။ ပြည်သူလူထုရဲ ့CDM ကို ဝန်းရံမယ်၊ ပြည်သူလူထုနဲ့ ထောက်ခံ မယ်ဆိုတာ ကျွန် တော်တို့ ပြောထားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကျပ်အတည်းဟာ ကျွန်တော်တို့ အားလုံးရဲ ့ အကျပ်အတည်းပါ”ဟု ဖေဖော်ဝါရီ ၂၀ ရက်က သတင်းစာရှင်းလင်းပွဲလုပ်စဉ် ပြောခဲ့သည်။

PPST ဆိုသည်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဖြစ်သည်။

PPST တွင် ပါဝင်သော အဖွဲ့များမှာ RCSS/SSA၊ PNLO၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ မြန်မာနိ်ုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည် သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly