အင်ဒိုနီးရှား ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီပြီး ပျောက်ဆုံး 

အင်ဒိုနီးရှား ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီပြီး ပျောက်ဆုံး 
Photo - AFP

ဇန်နဝါရီ ၂၉

အင်ဒိုနီးရှားနိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ ရာနဲ့ချီတဲ့ ရိုဟင်ဂျာ (မူရင်း) ဒုက္ခသည်တွေ ပျောက်ဆုံးလျက်ရှိနေပြီး အိမ်နီးချင်း မလေးရှားနိုင်ငံဆီ လူကုန်ကူးခံရတာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေနဲ့ သတင်းရင်းမြစ်တွေက ကြာသပတေးနေ့မှာ ပြောကြပါတယ်။ 

နိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်း လော့စူးမာဝေအရပ်က ယာယီတဲစခန်းတွေမှာ ဒုက္ခသည် ၁၁၂ ဦးသာ ဒီ သတင်းပတ်မှာ ကျန်ရှိတော့တာ ဖြစ်တာကြောင့် ပြီးခဲ့တဲ့နှစ် ဇွန်လကနေ စက်တင်ဘာလအတွင်း ၄၀၀ နီးပါး ရောက်ရှိခဲ့တာကနေ သိသိသာသာ ဦးရေလျော့ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက နိုင်ငံမဲ့ မွတ်စလင်တွေဖြစ်ကြတဲ့ အခု ဒုက္ခသည်တွေဟာ ပျောက်ဆုံးပြီး ဘယ်ရောက်လို့ ဘာဖြစ်တယ်ဆိုတာ ဌာနေအာဏာပိုင်တွေရော၊ ကုလသမဂ္ဂကပါ မပြောနိုင်သေးကြပါဘူး။ သူတို့တွေဟာ မလေးရှားနိုင်ငံဆီ ဝင်နိုင်အောင် မလက္ကာရေလက်ကြားကို ဖြတ်နိုင်ဖို့အတွက် လူကုန်ကူးသူတွေဆီ ဆက်သွယ်စာရင်းပေးခဲ့တာ ဖြစ်မယ်လို့ စိုးရိမ်ပူပန်နေရပါတယ်။ 

“သူတို့တွေ ဘယ်ကို သွားကြလဲဆိုတာ ကျွန်တော်တို့ မသိဘူး။”လို့ လော့စူးမာဝေက ရိုဟင်ဂျာလုပ်ငန်းစဉ်အဖွဲ့ အကြီးအကဲ ရက်ဒ်ဝန်ဂျာမီက ပြောပါတယ်။ “ဒါပေမဲ့ သူတို့တွေ ထွက်ရမယ့် လမ်းကြောင်း ချိတ်ဆက်မိတယ်ဆိုရင်တော့ သူတို့ရဲ့ ရည်မှန်းချက်ကလည်း ဒီက ထွက်သွားဖို့ ဖြစ်တာမို့ လွတ်မြောက်သွားတာပဲလို့ ဆိုရမှာပါ။”လို့ သူက ပြောပါတယ်။ 

ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူတွေက လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ ပြောဆိုထားတဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုအတွင်းမှာ ရိုဟင်ဂျာ ၇၅၀၀၀၀ ဟာ နယ်စပ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ တိမ်းရှောင်ထွက်ပြေးခဲ့ကြပါတယ်။ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းက ကော့ဘဇားအရပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်ကြကပါတယ်။ 

ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားဆီ သွားရောက်နိုင်ဖို့အတွက် လူကုန်ကူးသူတွေကို အခကြေးငွေပေးပြီး လချီကြာတဲ့ ပင်လယ်ခရီးကို ဒုက္ခအမျိုးမျိုး ကြုံရင်း ဖြတ်သန်းသွားရောက်နေကြတာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required