တာချီလိတ်မှ ထိုင်းနိုင်ငံထဲ ပြန်ဝင်လာသူများတွင် ကိုဗစ်-၁၉ တွေ့ရှိဟု ထိုင်းအာဏာပိုင်များ ပြော

တာချီလိတ်မှ ထိုင်းနိုင်ငံထဲ ပြန်ဝင်လာသူများတွင် ကိုဗစ်-၁၉ တွေ့ရှိဟု ထိုင်းအာဏာပိုင်များ ပြော

ဒီဇင်ဘာ ၃

ပြီးခဲ့သည့်လကုန်ပိုင်းက မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင်ထဲကို ခိုးပြန်လာခဲ့သည့် ထိုင်း အမျိုးသမီး ခြောက်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိနေကြောင်းနှင့် ၎င်းတို့အနက် အချို့သည် ဘန်ကောက်နှင့် အခြား ဒေသများသို့ ခရီးသွားထားခဲ့ကြောင်း ထိုင်း ကျန်းမာရေး အာဏာပိုင်များက ပြောသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် တစ်ဦးသည် ဖရာအိုခရိုင် ဇာတိ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ရောဂါ ထိန်းချုပ်ရေးဌာနမှ ကူးစက်ပျံ့နှံ့တတ်သော ရောဂါများဆိုင်ရာ အထွေထွေ ညွန်ကြားရေးမှူး ဒေါက်တာ ဆိုဖွန် အိုင်ယမ်စီရီသာဝွန်းက ပြောသည်။

သူမသည် နိုဝင်ဘာ ၁ ရက်မှ ၂၆ ရက်အထိ တာချီလိတ်မြို့ ရှိ 1G1 ဟိုတယ်ရှိ ဖျော်ဖြေရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။

သူမသည် ပြီးခဲ့သည့် သောကြာနေ့က ချင်းရိုင် ခရိုင် မယ်ဆိုင်သို့ မြန်မာနိုင်ငံသားတစ်ဦးနှင့် အတူ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူမသည် သူငယ်ချင်းတစ်ဦး၊ ယောက်ျားလေးမိတ်ဆွေတစ်ဦးတို့နှင့် တွေ့ဆုံပြီး Singha ပန်းခြံသို့ သွားခဲ့ပြီး ယင်းနောက် တနင်္လာနေ့က ချင်းမိုင် သို့ ထွက်ခွာခဲ့ပြီး ယင်းအချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိကြောင်း စစ်ဆေးသိရှိခြင်း ဖြစ်သည်။ ချင်းရိုင်တွင် သူမသည် သူမ၏ သူငယ်ချင်းဖြစ်သူ အခန်းနှင့် Hop Inn ဟိုတယ်တို့တွင် တည်းခိုနေထိုင်ခဲ့သည်။

အခြား ကူးစက်ခံရသူ နှစ်ဦးသည် ဘန်ကောက်မှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး နှင့် သူမ၏ သူငယ်ချင်းဖြစ်သည့် ဖိကျစ်ခရိုင်မှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်သည်။ ၎င်းတို့သည် နိုဝင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ 1G1 ဟိုတယ်တွင် ရှိနေခဲ့ကြသည်။

၎င်းတို့သည် နောက်တစ်နေ့တွင် မယ်ဆိုင်သို့ ပြန်လာခဲ့ကြပြီး ယင်းတွင် ဟိုတယ်တစ်ခု၌ တည်းခဲ့ကြစဉ် အဆိုပါ မနက်ပိုင်းက ဖျားနာခြင်း၊ လည်ချောင်းနာခြင်း နှင့် နှာစေးခြင်း ဝေဒနာတို့ကို ခံစားခဲ့ကြရသည်။ ထို့နောက် ၎င်းတို့သည် Grab ကားတစ်စီးဖြင့် ချင်းရိုင် လေဆိပ်သို့ စီးလာခဲ့ကြပြီး ယင်းနောက် Nok Air လေယာဉ်ခရီးစဉ်အမှတ် DD8717 ဖြင့် ဘန်ကောက်၏ ဒုန်မောင်း လေဆိပ်သို့ ထွက်ခွာခဲ့ကြသည်။ ဘန်ကောက်သို့ ပြန်လာခဲ့သူတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဗိုင်းရပ်စ်ရှိကြောင်း စစ်ဆေးသိရှိခဲ့ခြင်း ဖြစ်သည်။

ဖိကျစ် ဇာတိ အမျိုးသမီးသည် ဒုန်မောင်း မှ ဖိစနူလွတ် မြို့သို့ အခြား လေယာဉ်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဖိကျစ် သို့ ဆက်သွားခဲ့သည်။ သူမသည် ဖိကျစ် ရှိ ဖျော်ဖြေရေး နေရာများ၊ Bird Bar နှင့် Crocodile Rock Pub တို့ကို သူငယ်ချင်းများနှင့် သွားလာခဲ့သည်။ အမျိုးသမီးသည် အင်္ဂါနေ့တွင် ဗိုင်းရပ်စ် ရှိကြောင်း စစ်ဆေးသိရှိခဲ့သည်။ ဖျော်ဖြေရေး နေရာများလည်း ပိတ်ခဲ့သည်။

နောက်တစ်ဦးမှာ နိုဝင်ဘာ ၃ မှ ၂၈ အထိ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့် ရက်ချာဘူရီ ခရိုင် ဇာတိ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။

နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်အထိ သူမသည် 1G1 ဟိုတယ်ရှိ ဖျော်ဖြေရေး နေရာတွင် ရှိခဲ့ပြီး အခြား ကိုဗစ်-၁၉ ကူးစက်သူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် သူမသည် ချောင်းစဆိုးလာပြီး နှာစေး၊ လည်ချောင်းနာ၊ ကြွက်သားနာကျင်ကိုက်ခဲမှုတို့ ခံစားလာခဲ့ရသည်။

သူမသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုင်းသို့ ပြန်လာခဲ့ပြီး ယင်းနောက် ယောက်ျားလေးသူငယ်ချင်းတစ်ဦးနှင့်အတူ ရောက်လာသော သူမ၏ သူငယ်ချင်းဖြစ်သူ၏ ကားတစ်စီးနှင့်အတူ ချင်းမိုင်လေဆိပ်သို့ သွားခဲ့သည်။

အဆိုပါ အမျိုးသမီးသည် ယင်းနေ့တစ်နေ့တည်းမှာပင် ဒုန်မောင်း လေဆိပ်သို့ လေယာဉ်စီးသွားခဲ့ပြီး ယင်းနောက် မော်ချစ် ဘတ်စ်ကားဂိတ်ကို သွားပြီး ရတ်ချာဘူရီသို့ ဘတ်စ်ကား စီးသွားခဲ့သည်။ 1G1 တွင် ပါတီတက်သူတစ်ဦး ကိုဗစ်-၁၉ ကူးစက်ကြောင်း အတည်ပြုခဲ့ခြင်းနှင့်အတူ သူမသည်လည်း ဆေးစစ်ခဲ့ရာ ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးသိရှိခဲ့သည်။

အခြား ကူးစက်ခံရသူနှစ်ဦးမှာ ချင်းမိုင်တွင် နေထိုင်သည့် အသက် ၂၃ နှစ်နှင့် ၂၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦးဖြစ်ပြီး ၎င်းတို့သည် တာချီလိတ်တွင် အလုပ်လုပ်ခဲ့သည့် အတည်ပြုလူနာတစ်ဦး၏ သူငယ်ချင်းများဖြစ်သည်။

၎င်းတို့သည် ပြီးခဲ့သည့် ကြာသပတေးနေ့က နယ်စပ်ကို ဖြတ်ပြီး မယ်ဆိုင်သို့ ရောက်လာခဲ့ပြီး ယင်းနောက် သူငယ်ချင်းတစ်ဦး၏ နေအိမ်တွင် နေခဲ့သည်။ ၎င်းတို့သည် ၎င်းတို့၏ သူငယ်ချင်းဖြစ်သူ ဗိုင်းရပ်စ် အကူးခံထားရကြောင်း သိရှိပြီးနောက် တနင်္လာနေ့က ကိုဗစ်-၁၉ စစ်ဆေးမှု လုပ်ခဲ့သည်။ နောက်တစ်နေ့မှာပင် ဗိုင်းရပ်စ် ပိုးရှိကြောင်း စစ်ဆေးသိရှိခဲ့သည်။

တာချီလိတ်ဘက်မှ ထိုင်းနိုင်ငံထဲသို့ ခိုးပြန်လာသူများ ဖြစ်သည့် ကနဦး ကိုဗစ်-၁၉ ကူးစက်ခံထားရသူ လေးဦး ရှိထားခဲ့ပြီး ယခုအခါ နောက်ထပ် ခြောက်ဦးထပ်တိုးလာခြင်းဖြစ်ကြောင်း ဒေါက်တာ ဆိုဖွန်က ပြောသည်။ လေးဦးအနက် တစ်ဦးသည် ချင်းမိုင်တွင် ရှိခဲ့ပြီး ကျန်သုံးဦးသည် ချင်းရိုင်တွင် ရှိနေခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်သူသစ် ၁၀ ဦးနှင့် နီးကပ်မှု ရှိခဲ့သူများကို စစ်ဆေးခဲ့ရာတွင် ပိုးမတွေ့ရှိဆိုသည့် ရလဒ်များထွက်ခဲ့သည့်အတွက် မြန်မာနိုင်ငံဘက်မှ တရားမ၀င် ပြန်လာသူများသည် ပြည်တွင်းကူးစက်မှုကို ဖြစ်စေခဲ့ခြင်း မရှိဟု ကျန်းမာရေးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဒေါက်တာ ထုံချိုင်း ကီရာသီဟာတာယာကွန်းက ပြောသည်။

အမျိုးသမီး ၁၀ ဦးသည် တာချီလိတ်ရှိ ဖျော်ဖြေရေး နေရာများတွင် အလုပ်လုပ်ခဲ့ပြီး ၎င်းတို့သည် လူမှုဆိုင်ရာ တာဝန်ခံမှု မရှိခဲ့ဟု ၎င်းက ပြောသည်။ ၎င်းတို့သည် ကွာရန်တင်း ၀င်ရန် ရှောင်တိမ်းခဲ့ပြီး ယင်းအတွက်ကြောင့်လည်း သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရောဂါကို ထိန်းချုပ်ရန် ၎င်းတို့နှင့် ထိတွေ့ပတ်သက်ခဲ့သူ အများအပြားကို ဗိုင်းရပ်စ် စစ်ဆေးရန်အတွက် ငွေကုန်ကြေးကျများသည့် အားထုတ်မှုများကို လုပ်ဆောင်ခဲ့ရကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required