တာချီလိတ် မြေပြိုမှု လူ၂ဦး ​သေဆုံး

By 001(မဇ္စျိမ)
14 May 2023
တာချီလိတ် မြေပြိုမှု လူ၂ဦး ​သေဆုံး
Photo- ဦးလှမိုးတာချီလိတ်လူမှုကူညီ​​ရေးအသင်း

ရှမ်းပြည်နယ်အ​ရှေ့ပိုင်း တာချီလိတ်မြို့တွင် ယနေ့ မေလ ၁၄ရက်နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းပြီးနောက် ဆန်ဆိုင်းရပ်ကွက်ရှိ ​အိမ်တစ်လုံး​ပေါ်သို့ ​မြေပြိုကျခဲ့ရာ ​အိမ်အတွင်း အိပ်​​ပျော်​နေသည့် ဇနီး​မောင်နှံ နှစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ဝမ်မိုင်ရပ်ကွက်သစ်အနီးရှိ နေအိမ်ပေါ်သို့ ယနေ့နံနက် ၃နာရီခန့်က မြေပြိုကျခဲ့ခြင်းဖြစ်သည်။

" ဒီ​နေ့ မနက် ၃ နာရီ​ကျော်​လောက်က ဖြစ်တာပါ။ ​​မြေပြိုတာ​ပေါ့။ သူတို့ အိပ်​ပျော်​နေတဲ့အချိန် အထက်က ​မြေပြိုကျတာ​ပေါ့" ဟု ဦးလှမိုးတာချီလိတ် လူမှုကူညီ​ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

တာချီလိတ်မြို့ တွင် ယမန်နေ့ မေလ ၁၃ ရက်​နေ့ ညကတည်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ​မေလ ၁၄ရက်​နေ့ နံနက် ၃ နာရီဝန်းကျင်တွင် မြေပြိုမှု ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့်
 အသက် ၂၃ နှစ်အရွယ် ​မောင်​နေ​အောင်
နှင့် အမျိုးသမီးဖြစ်သူ အသက် ၂၂ နှစ်အရွယ် မမဇလပ်ဖြူတို့ သေဆုံးကြောင်း ဦးလှမိုးတာချီလိတ် လူမှုကူညီ​ရေးအသင်းက ထုတ်ပြန်ထားသည်။

ယနေ့ ညနေတွင် ရခိုင်ကမ်းရိုးတန်းသို့ဝင်ရောက်နေသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသအနှံ့အပြား၌ နေရာကွက်မိုးကြီးနိုင်သည်ဟု 
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထားသည်။ ကုန်းမြင့်ဒေသများ၌ ပုံမှန်ထက်မိုးကြီးပါက မြေပြိုမှု‌ ဘေးအန္တရာယ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကသတိပေးသည်။

မုန်တိုင်းအရှိန်ကြောင့် ​နေပြည်​တော် ၊ ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် မိုးရွာသွန်းမှု၊ ​လေပြင်းတိုက်ခတ်မှုများလည်း ဖြစ်​ပေါ်လျက်ရှိသည်။ ယနေ့ ​မေလ ၁၄ရက်​နေ့ နံနက် ၈နာရီဝန်းကျင်ကလည်း ပြင်ဦးလွင်အနီးစခန်း ရဲကင်း​ရှေ့​နားတွင် သစ်ပင်လဲကျရာ ထိုနေရာသို့ရောက်ရှိနေသော  အမျိုးသားတစ်ဦးသည် ဦး​ခေါင်းပွင့်ဒဏ်ရာဖြင့် သေဆုံးသွား​ကြောင်း တုသိတာလူမှုကူညီ​ရေးအသင်းက ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly