လွိုင်ကော် အဝေးပြေးစခန်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဆန်နှင့်ဆီ ထောက်ပံ့

လွိုင်ကော် အဝေးပြေးစခန်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ဆန်နှင့်ဆီ ထောက်ပံ့

အောက်တိုဘာလ၊ ၁၅၊ ၂၀၂၀

ကယားပြည်နယ်သို့ ဝင်ထွက် သွားလာနေသည့် ယာဉ်လိုင်းများရပ်နားထားသဖြင့် လွိုင်ကော် အဝေးပြေး ယာဉ်ရပ်နားစခန်းမှ ယာဉ်မောင်း ယာဉ်နောက်လိုက်အပါအဝင် လူပေါင်း ၇၀၀ခန့်အားကယားပြည်နယ် ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျ ကြီးကြပ်ရေး ကော်မတီမှ ဆန်နှင့် ဆီများကို အောက်တိုဘာ ၁၅ ရက်နေ့က တတိယအကြိမ်အဖြစ် ထောက်ပံ့ပေးခဲ့သည်။

ယာဉ်လိုင်းများ ရပ်နားထားသည့် အတွက် စားဝတ် နေရေးအခက်ဖြစ်နေသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ကား ဝင်းအတွင်းရှိ ရုံးဝန်ထမ်း များအား တစ်ဦးလျှင် ဆန်၁၂ပြည်၊ ဆီတစ်ပိသာနှုန်းဖြင့် ကူညီ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ကယားပြည်နယ် ပုဂ္ဂလိက မော်တော် ယာဉ် လုပ်ငန်းများ စနစ်တကျ ကြီးကြပ်ရေး ကော်မတီ အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးစံအေးက ပြောသည်။

 “ ၁၂ ရက်နေ့ကနေ ဒီနေ့ အထိ ၁ လနဲ့ ၃ ရက်ဖြစ်သွားပြီးပေါ့ ။ ကျနော်တို့ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်တွေ လည်း ဒီလုပ်ငန်း တခုကိုသာ ဦးတည်လုပ်နေတာ ဒီလုပ်ငန်း မလုပ်တဲ့ အခါကျတော့  စားဝတ် နေရေး ခက်ခဲတဲ့ အတွက်ကြောင့်မလို့  ကျနော်တို့ ကော်မီတီတွေက ဆင့်ကဲ အစည်းအဝေး ထိုင်ပြီး တော့ ဒါပေးသင့်တယ်၊ ဒီထက် ကြာရင်လည်း ထပ်ပေးဖို့ ကျနော်တို့ စီမံ ဆောင်ရွက်ထားတာရှိတယ် ”ဟု ပြောသည်။

ယခု ထောက်ပံ့ပေးသည့် အစီအစဉ်သည် တတိယ အကြိမ်မြောက် ဖြစ်ပြီး ယခင် ၂ ကြိမ် ထောက်ပံ့ပေးချိန်က တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်  ၁ ပိဿာနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။

“ ကျနော်တို့ ကိုဗစ် ကင်းစင်တဲ့ ပြည်နယ်ဖြစ်တဲ့ အလျောက် ဒီလိုကင်းစင်အောင် နေနိုင်ဖို့အတွက် ကျနော်တို့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အားလုံးနဲ့ ကျနော်တို့ ထိန်းချုပ်နိုင်တယ် ဆိုတာကို ကျနော်တို့ ပြည်နယ် ကိုယ် စား ကော်မတီ အနေနဲ့များစွာ ဂုဏ်ယူပါတယ်”  ဟု ဦးစံအေးက ရှင်းပြသည်။

ကယားပြည်နယ်သို့ ဝင်ထွက်သွားလာနေသည့် ခရီးသည်တင်ယဉ်လိုင်း အားလုံးကို စက်တင်ဘာ  ၁၂ ရက်မှ စတင်၍ ယနေ့အထိ ရပ်ဆိုင်းထားရန် ပြည်နယ် အစိုးရမှ ညွှန်ကြားခြင်းဖြစ်ကာ ကယားပြည်နယ်တွင် ယာဉ်လိုင်းပေါင်း ၇၀ နီးပါရှိကြောင်း သိရသည်။

ကယားပြည်နယ်သည် ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကင်းစင်းနေသည့် တစ်ခုတည်းသော ပြည်နယ် အဖြစ် ရပ်တည်နေဆဲ ဖြစ်ပြီး ပြည်နယ်အတွင်း အဝင်အထွက် စောင့်ကြည့်နေသည့် ဂိတ်များကိုလည်း အထူး ကြပ်မတ် ဆောင်ရွက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required