စစ်အာဏာသိမ်းမူ နှစ်နှစ်ကျော်ကြားလာတဲ့အချိန် ကယားပြည်နယ်မှာ စစ်ဘေးရှောင် နှစ်သိန်းနီးပါးထိ တိုးလာနေပြီး ရေနဲ့စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေတယ်လို့ ကရင်နီပြည်နယ် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ပြောပါတယ်။
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံစတဲ့ လမ်းမကြီးတွေပေါ်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ အခိုင်အမာဖွင့်လှစ်ထားပြီး ဆေးဝါးနဲ့ရိက္ခာသယ်ယူမူကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ စစ်ဘေးရှောင် ကူညီသူကပြောပါတယ်။
ကယားပြည်နယ်မှာ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးတဲ့အပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်နေတာကြောင့် ဒေသခံတွေ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိန်းရှောင်နေကြပါတယ်။ စစ်ဘေးရှောင်တွေကို လက်ခံထားတဲ့ရွာခံတွေကပါ အချိန်ကြာလာတာကြောင့် စစ်ရှောင်ဘဝရောက်ရှိပြီး အကူအညီတွေ လိုအပ်နေတာပါ။
ကယားပြည်နယ်မှာ မိုးကုန်လာတာနဲ့ သောက်သုံးရေရှားပါးလာပြီးလက်ရှိကာလမှာ ရေလိုအပ်ချက် စတင်ဖြစ်ပွားနေပါတယ်။မိုးရေသိုလှောင်ကန်တွေရှိပေမယ့်လည်း စစ်ရှောင်တွေ တိုးပွားနေတာကြောင့် ရေလိုအပ်ချက်မြင့်မားနေတယ်လို့ ကရင်နီပြည်နယ် စစ်ဘေးရှောင် ကူညီပေးသူက ပြောပါတယ်။
ကယားပြည်နယ်မှာ ၂၀၂၁ မေလကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ကျေးရွာ ၈၇ ရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူဦးရေ ၁၈၀,၀၀၀ ကျော်စစ်ဘေးရှောင်နေရတယ်လို့ ကရင်နီအရပ်ဖက်အဖွဲ့တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
အပြည့်အစုံကိုတော့ မဇ္ဈိမ ရုပ်သံသတင်းထောက် KMN က တင်ဆက်ပေးထားပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN